Kawao News – ဧပြီ ၁၈
ပဲခူးတိုင်း၊ ညောင်လေးပင်မြို့မှ ပျူစောထီးခေါင်းဆောင်အပါအဝင် မိသားစုဝင် ၄၈ ဦးကို မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ကင်မွန်းစခန်းကျေးရွာရှိ ကဒက်ချောင်းရေတံခွန်တွင် တော်လှန်ရေးအဖွဲ့တစ်ဖွဲ့က ဖမ်းဆီးသွားသည်ဟု ပဲခူးတိုင်းအခြေစိုက် ဒေသကာကွယ်ရေးအဖွဲ့ဝင်များထံမှ သိရသည်။
ဧပြီ ၁၅ ရက်၊ နေ့လယ် ၂ နာရီခန့်က ကဒက်ချောင်းရှိ ဝါဆိုမိုးစားသောက်ဆိုင်တွင် ရှိနေသည့် ပျူစောထီးခေါင်းဆောင် လှိုင်မင်း၊ ဇနီး ယမင်းနှင့် ဒုခေါင်းဆောင် မဲကြီးအပါအဝင် အမျိုးသား၊ အမျိုးသမီး ၄၀ ကျော်အား ဒေသအခြေစိုက် လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က ဖမ်းဆီးသွားခဲ့သည်ဟု ဆိုသည်။
“ကျနော့်အထင်ဆို အဲဒီမှာ ပျူ ၁၃ ယောက်ခန့်ပါမယ်။ အများစုက ယောက်ျားလေးတွေဖြစ်ပြီး အားလုံးတော့ ပျူတွေမဟုတ်ဘူး။ မိန်းကလေးတွေနဲ့ ကလေးတွေလည်း ပါတယ်” ဟု ပဲခူးတိုင်းအခြေစိုက် ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။
ဖမ်းဆီးခံရသူများကို ဧပြီ ၁၇ ရက်အထိ ထိန်းသိမ်းထားပြီး ဆက်လက်စစ်ဆေးနေဆဲဖြစ်ကြောင်း သိရသည်။ သို့သော် ယခုဖမ်းဆီးမှုနှင့်ပတ်သက်၍ သက်ဆိုင်ရာအဖွဲ့များဘက်မှ သတင်းထုတ်ပြန်ခြင်း မရှိသေးပေ။
စစ်ကောင်စီ၏ ဧပြီ ၁၇ ရက်ထုတ် မြန်မာ့အလင်း သတင်းစာတွင် ကျိုက်ထီးရိုးဘုရားဖူးလာသည့် ပြည်သူ ၄၈ ဦးအား ကဒက်ချောင်းရှိ စားသောက်ဆိုင်တစ်ခုမှ PDF အဖွဲ့က လိုက်ထရပ်ကား ၂ စီးဖြင့် ဖမ်းခေါ်သွားခဲ့သည်ဟု ဖော်ပြထားသော်လည်း ဖမ်းဆီးခံရသူများ၏ အချက်အလက်ကို ရှင်းလင်းစွာ ဖော်ပြထားခြင်း မရှိပေ။
