ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်အတွင်းရှိ ကမ်းနီ (မွန်အခေါ် ကော့ဘော့-ကအ်ဗိုတ်) ရွာကို သကြႅန်အကြပ်နေ့ (ဧပြီလ ၁၅ ရက်) က စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် မော်လမြိုင်မြို့သို့ ထွက်ပြေးလာရသည့် စစ်ဘေးရှောင်များအား မွန်ပြည်သစ်ပါတီ (NMSP) မှ အရေးပေါ် အစားအသောက်နှင့် လိုအပ်သည့်ပစ္စည်းများ ထောက်ပံ့ပေးလိုက်သည်။
ထိုသို့ထောက်ပံ့ရာတွင် ဆန်၊ ဟင်းခတ်ဆီနှင့် မီးဖိုချောင်သုံးပစ္စည်းများ အဓိကပါဝင်ပြီး စစ်ဘေးရှောင်စခန်းရှိ လူငယ်အဖွဲ့များက ရွာသားအရေး ၁၀၀ ကျော်၏ အရေးကြီးလိုအပ်ချက်များကို ဦးဆောင်ဖြေရှင်းပေးလျက်ရှိသည်။
လက်ရှိတွင် ထောက်ပံ့ထားသည့် အစားအသောက်များသည် ၅ ရက်မှ ၇ ရက်ခန့်သာ လုံလောက်မည်ဖြစ်သော်လည်း စစ်ဘေးရှောင်ဦးရေ တိုးပွားလာမှုနှင့်အတူ အစားအစာ၊ ဆေးဝါးနှင့် ခိုလှုံရာနေရာများ လိုအပ်လာနိုင်သည်ဟု MRDP (Mon Relief and Development Center) မှ သတင်းထုတ်ပြန်ထားသည်။
အလားတူ ယနေ့နံနက်ပိုင်းတွင်လည်း စစ်ကောင်စီက ကမ်းနီရွာအပြင် သရက်တောရွာကိုလည်း လေယာဥ်ဖြင့် ဗုံးထပ်ကြဲခဲ့ကြောင်း သတင်းများက ဖော်ပြနေပြီး စစ်ဘေးရှောင်များ မော်လမြိုင်မြို့သို့ ထပ်မံရောက်ရှိလာမည်ဟု ခန့်မှန်းရသည်။
Photo-MRDC
(Mon Relief and Development Center ၏ ဧပြီ ၁၇၊ ၂၀၂၅ ထုတ်ပြန်ချက်ကို ကိုးကားဖော်ပြသည်။)