သံဖြူဇရပ်-ဇူလိုင် (၂၅)
သံဖြူဇရပ်မြို့နယ် အနင်းကျေးရွာအုပ်စု ဝဲဝန်းကျေးရွာအနီးတွင် ဇူလိုင်လ (၂၂) ရက် နှင့် (၂၃) ရက်က KNU တပ်မဟာ (၆) တပ်ရင်း (၂၇) ပူးပေါင်းအဖွဲ့နှင့် စစ်ကောင်စီတပ်ဖွဲ့အကြား ဖြစ်ပွားခဲ့သည့်နှစ်ရက်တာတိုက်ပွဲအတွင်း နှစ်ဖက်စလုံးမှ ထိခိုက်သေဆုံးဒဏ်ရာရရှိမှုများရှိကြောင်း သိရသည်။
ဇူလိုင်လ (၂၃) ရက် နံနက် (၆) နာရီခွဲအချိန်ခန့်တွင် KNU တပ်မဟာ (၆) KNLA တပ်ရင်း (၂၇) ပူးပေါင်းအဖွဲ့ နှင့် စစ်ကောင်စီတပ်ဖွဲ့ကြား ဝဲဝန်းကျေးရွာအနီးတွင် နှစ်ဖက်ထိတွေ့တိုက်ပွဲ ထပ်မံဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်ဘက်မှ နောက်ထပ် (၄) ဦး ကျဆုံးပြီး၊ (၁) ဦးဒဏ်ရာရရှိခဲ့ကြောင်း နှင့် ဒဏ်ရာရရှိခဲ့သူမှာ တပ်ခွဲမှူးဝင်းမင်းခိုင် ဖြစ်ကြောင်း KNU ဗဟိုမှ ယနေ့တွင် သတင်းထုတ်ပြန်သည်။
KNLA ပူးပေါင်းအဖွဲ့ဘက်မှလည်း (၁) ဦးဒဏ်ရာရရှိကာ (၂) ဦးသေဆုံးပြီး လက်နက် (၂) လက်ဆုံးရှုံးခဲ့ကြောင်း KNU ဗဟိုထုတ်ပြန်ချက်အရ သိရသည်။
ဒေသခံတစ်ဦးက “သေသွားတဲ့ ၂ ယောက်က နှစ်ကရင်ရွာမှာ နေကြတယ်လို့ သိရတယ် အညာသား ရွေ့ပြောင်းလုပ်သားတွေလို့ ပြောတယ်” ဟု ကောင်းဝါသို့ ဆက်သွယ်ပြောကြားခဲ့သည်။
ယင်းဖြစ်စဥ်နှင့်ပတ်သက်၍ စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်တွင် “သံဖြူဇရပ်-ရေးမြိုနယ်ကြား လမ်းပိုင်း၌ KNU /PDF ၂ လောင်း၊ ပစ္စတို ၁ လက်၊ AK-47 ၂ လက်၊ ကျည်အိမ် ၆ ခု၊ RPG ဒုံးသီး ၄ လုံး၊ RPG ပို့ကျည် ၄ တောင့်၊ ကျည်မျိုးစုံ သိမ်းဆည်းရမိထားသည်ကို ဓါတ်ပုံနှင့်တကွ ဖော်ပြထားကြောင်း တွေ့ရသည်။
အလားတူ ဇူလိုင်လ (၂၂) ရက် ညနေ (၆) နာရီခွဲအချိန်ခန့်က KNU တပ်မဟာ (၆) KNLA တပ်ရင်း (၂၇) ပူးပေါင်းအဖွဲ့ နှင့် စစ်ကောင်စီတပ်ဖွဲ့အကြား သံဖြူဇရပ်မြို့နယ် အနင်းကျေးရွာအုပ်စု ဝဲဝန်းကျေးရွာအနီးတွင် နှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ရ စစ်ကောင်စီတပ်မှ (၁) ဦးသေဆုံးပြီး (၁) ဦးဒဏ်ရာရရှိခဲ့ကာ KNLA ပူးပေါင်းတပ်ဖွဲ့မှ ထိခိုက်ကျဆုံးခြင်းမရှိကြောင်း KNU က သတင်းဖော်ပြသည်။