မော်လမြိုင််- ဇူလိုင် (၂၄)
ကျပ် ၂၀၀၀၀ တန်ထွက်မည့်ဂယက်ကြောင့် ယနေ့ (ဇူလိုင်လ (၂၄) ရက်) နံနက်ပိုင်းတွင်လည်း မော်လမြိုင်ရွှေဈေးကွက် မဖွင့်သေးသည့်အတွက် ရွှေအရောင်းအဝယ်မလုပ်ဆောင်ကြကြောင်း ရွှေဆိုင်များ၊ ရွှေလုပ်ငန်းရှင်များနှင့် ရွှေပန်းထိမ်လုပ်ငန်းရှင်များထံမှ သိရသည်။
သို့သော် လက်ရှိတွင် ရွှေဆိုင်များဖွင့်ထားသော်လည်း အရောင်းထက် အဝယ်ပိုင်းကိုသာ လုပ်ဆောင်နေကြကြောင်း သိရသည်။
“ရန်ကုန်ရွှေဈေးမှာကိုက ဈေးနှုန်းမဖွင့်သေးတော့ မော်လမြိုင်မှာလည်း ရွှေဈေးကွက်ကို မဖွင့်ကြသေးဘူး။ ရွှေဆိုင်တွေကတော့ ဖွင့်ထားတယ်။ အရောင်းထက်ကို အဝယ်ကိုဘဲ လုပ်နေကြတယ်။ ဈေးနှုန်းက ပြီးခဲ့တဲ့ စနေနေ့က အပိတ်ဈေးဖြစ်တဲ့ (၃၂၅၀၀၀၀) ကျပ်ကိုဝန်းကျင်နဲ့ အဝယ်လုပ်နေကြတယ်လို့ ကြားတယ်။ ဒါပေမယ့် ရွှေလာရောင်းကြတဲ့သူတွေလည်း မရှိဘူး။ လက်ရှိမှာတော့ အေးနေသေးတယ်ပေါ့ဗျာ” ဟု မော်လမြိုင်မြို့၊ ဖက်တန်းရပ်ကွက်မှ ရွှေလုပ်ငန်းရှင်တစ်ဦးက ပြောကြားသည်။
ယနေ့ မွန်းလွဲ (၁) နာရီအချိန်မှသာ ရန်ကုန်ရွှေဈေးကွက်မှ ပေါက်ဈေးထွက်လာမည်ဟု ကြားနေရသည့်အတွက် မွန်းလွဲ (၁) နာရီနောက်ပိုင်းမှသာ အရောင်းအဝယ်ပြန်ဖြစ်မည့် သဘောတွင်ရှိနေကြောင်း ၎င်းက သုံးသပ်ပြောကြားသည်။
ရွှေပန်းထိမ်လုပ်ငန်းရှင်တစ်ဦးကလည်း “အပ်ထည်တွေလက်ခံထားပေမယ့် ရွှေကိုဝယ်မရတော့ ဘာမှမလုပ်နိုင်သေးဘူးဖြစ်နေတယ်။ နေ့လည်လောက်ကျရင်တော့ ဈေးနှုန်းတစ်ခု ထွက်လာမယ်ထင်တယ်” ဟု ပြောကြားသည်။
ပြီးခဲ့သည့် ဇူလိုင်လ (၂၂) ရက်ညပိုင်းက မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ နှစ်သောင်းကျပ်တန် ငွေစက္ကူအသစ်ထုတ်ဝေမည်ဆိုသည့် သတင်းကြောင်း ယမန်နေ့ (ဇူလိုင်လ (၂၃) ရက်) က မော်လမြိုင်ရွှေဈေးကွက်အတွင်း အရောင်းအဝယ်ပြုလုပ်ခြင်းကို ရပ်ဆိုင်းထားသည့်အပြင် ယနေ့ (ဇူလိုင်လ (၂၄) ရက်) မနက်ပိုင်းအချိန်အထိ ရွှေဈေးကွက်ပိတ်ထားကြောင်း သိရသည်။