ရာမန်ဟုခေါ်သော ထိုင်းမွန်လူမျိုးစုတို့အများဆုံးနေထိုင်သည့် ထိုင်းနိုင်ငံ၊ ပတ်လတ် Pak Lat နှင့် ဖရပဒိန်းမြို့နယ် Phra Pradaeng တွင် ဒေသအာဏာပိုင်များ၊ လူမှုအဖွဲ့အစည်းများနှင့် ထိုင်း-မွန်အသင်းတို့ ပူးပေါင်း၍ “ဟင်္သာအလံတော်နှင့် ကင်းခြေများတံခွန် တံပိုးခရာချီတက်ပွဲ” ကို ၂၀၂၅ ခုနှစ် ဧပြီလ ၁၃ ရက်နေ့က စတင်ကျင်းပခဲ့သည်။
ဤပွဲသည် ဘန်ကောက်မြို့နှင့် အနီးတစ်ဝိုက်တွင် နှစ်စဉ်ကျင်းပလေ့ရှိသော ထိုင်း-မွန် သကြႅန် (Songkran) ရိုးရာယဉ်ကျေးမှုပွဲတော်၏ အစိတ်အပိုင်းဖြစ်ပြီး ယဉ်ကျေးမှုပြပွဲများ၊ ပွဲလမ်းသဘင်များဖြင့် အထူးစည်ကားလှသည်။
ပွဲတော်အကြောင်း အကျဉ်း
ယခုနှစ်တွင် ၃၃ ကြိမ်မြောက် ကျင်းပသည့် ဤပွဲ၌ “တံပိုးခရာများဖြင့် ဝန်းရံထားသော ဟင်္သာအလံနှင့် ကင်းခြေများတံခွန် ချီတက်ပွဲ” ကို သကြႅန်အကြိုနေ့တွင် စည်ကားစွာပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ ပွဲဖြစ်စဉ်များကို ဓာတ်ပုံများမှတစ်ဆင့် မှတ်တမ်းတင်ထားသည်။
နောက်ခံသမိုင်း
အတိတ်ကာလတွင် မြန်မာနိုင်ငံတောင်ပိုင်းရှိ ရာမညတိုင်းပြည်သည် အလွန်စည်ပင်ဖွံ့ဖြိုးတိုးတက်ခဲ့ကြောင်း ဂုဏ်ယူဝင့်ကြွားစရာ သမိုင်းဖြစ်ခဲ့သည်။ ထို့ကြောင့် မြန်မာတို့သည် မွန်လူမျိုးများအပေါ် အုပ်စိုးလိုပြီး နှစ်ပေါင်းများစွာ စစ်မက်ဖြစ်ပွားခဲ့သည်။
ရာမညတိုင်းပြည်ကို မြန်မာဘုရင် တိုက်ခိုက်သိမ်းပိုက်လိုက်ပြီးနောက် အသက်ဘေးမှလွတ်မြောက်ရန် ထိုင်းနိုင်ငံသို့ မွန်လူမျိုးများ ထွက်ပြေးခိုလှုံခဲ့ရသည်။
နောက်ဆုံးတွင် မွန်လူမျိုးများသည် ထိုင်းဘုရင်များ၏ ကာကွယ်မှုကို ခံယူခဲ့ရသည်။ တန်ဖိုးကြီးမားသော ပစ္စည်းဥစ္စာများကို ယူဆောင်လာနိုင်ခြင်းမရှိဘဲ ယဉ်ကျေးမှုအမွေအနှစ်များကိုသာ ရာမညတိုင်းပြည်မှ သယ်ဆောင်လာနိုင်ခဲ့သည်။
အထက်မြန်မာပြည် ကုန်းဘောင်ခေတ် (ဒုတိယမြန်မာဘုရင် ဘကြီးတော် လက်ထက်) တွင် ရာမညတိုင်းမှ မွန်လူမျိုးများသည် ထိုင်းနိုင်ငံသို့ အစုလိုက်ပြောင်းရွှေ့လာခဲ့ပြီး ၁၈၁၅ ခုနှစ်တွင် ဖရပဒိန်းဒေသ၌ မေတ္တာဂရုဏာပြည့်ဝတော်မူသော ထိုင်းဘုရင်၏ ခွင့်ပြုချက်ဖြင့် အခြေချနေထိုင်ခဲ့ကြသည်။
ထိုမှစတင်၍ ဟင်္သာအလံနှင့် ကင်းခြေများတံခွန် ချီတက်ပွဲသည် ယဉ်ကျေးမှုအမွေအနှစ်အဖြစ် ယနေ့တိုင် ဆက်လက်ရှင်သန်နေသည်။
အလံများ၏ အဓိပ္ပာယ်
*ဟင်္သာအလံ- ရာမညတိုင်းသားတို့၏ သင်္ကေတဖြစ်ပြီး ဗုဒ္ဓမြတ်စွာ သက်တော်ထင်ရှားစဉ်က ဟံသာဝတီဒေသ၏ ဖြစ်တည်မှုကို ဒဏ္ဍာရီဆန်သော ဗျာဒိတ်ပေးခဲ့သည်ဟု ယုံကြည်သည်။
*ကင်းခြေများတံခွန်- မွန်လူမျိုးတို့၏ စိတ်ဓာတ်ကို ကိုယ်စားပြုသည်။ ကင်းခြေများသည် ရန်သူကို အဆိပ်ဖြင့် ခုခံသကဲ့သို့ မွန်တို့၏ ခန့်ညားသော ရဲရင့်မှုကို သရုပ်ဖော်သည်။
ဤအလံများကို ထိုင်းနိုင်ငံရှိ မွန်ဘုန်းတော်ကြီးကျောင်းများတွင် အများဆုံးတွေ့နိုင်ပြီး သင်္ကြန်ကာလ၌ ချီတက်ပွဲများ ပြုလုပ်လေ့ရှိသည်။
Photo-ศิริชัย อินชู
*ကိုးကားချက်
https://thainews.prd.go.th/thainews/news/view/1055492/?bid=1