ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်၊ ကမမောင်းမြို့ အမှတ် (၃) ရပ်ကွက် သံလွင်မြစ်ကမ်းဘေးတွင် ရေလာကူးသည့် မိန်းကလေးငယ် (၃) ဦး ယမန်နေ့က လက်လုပ်မိုင်းနင်းမိပေါက်ကွဲမှုကြောင့် ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ဧပြီလ (၁၀) ရက် ညနေ (၅) နာရီခန့်က ဖာပွန်မြို့နယ်၊ ကမမောင်းမြို့ အမှတ် (၃) ရပ်ကွက်ရှိ သံလွင်မြစ်ကမ်းတွင် ရေကူးရန် ရောက်ရှိစဉ် မိန်းကလေးငယ်များ မြေမြှုပ်မိုင်းနင်းမိခဲ့ခြင်း ဖြစ်သည်။
“မိုင်းနင်းမိသူများမှာ အမှတ် (၃) ရပ်ကွက်မှ အသက် ၁၂ နှစ်အရွယ် မမေဇင်မြတ်နိုး၊ အသက် ၁၂ နှစ်အရွယ် မစင်သီတာသိမ့် နှင့် ၁၇ နှစ်အရွယ် မကြယ်စင်လင်းသန့်တို့ ဖြစ်ပြီး မိုင်းစထိမှန်ဒဏ်ရာများ ရရှိခဲ့သည်” ဟု ဒေသခံတစ်ဦးက ပြောကြားခဲ့သည်။
ဒဏ်ရာရရှိသူများအား ကမမောင်းတိုက်နယ်ဆေးရုံမှ တဆင့် ဘားအံမြို့ရှိ ပြည်သူ့ဆေးရုံကြီးသို့ လူနာတင်ယာဉ်ဖြင့် အရေးပေါ်ပို့ဆောင်ကုသမှု ခံယူစေခဲ့ကြောင်း သိရသည်။

