ပြီးခဲ့တဲ့လက စစ်ကိုင်းတိုင်းမှာ ပြင်း ၇.၇ ရှိတဲ့ ငလျင်ကြီးလှုပ်ပြီးနောက် ပျက်စီးသွားတဲ့ဒေသတွေမှာ အခု မိုးသည်းထန်ပြီး ကယ်ဆယ်ရေးလုပ်ငန်းတွေ ပိုခက်ခဲလာကာ ရောဂါဘယတွေ ဖြစ်လာနိုင်တဲ့အန္တရာယ်လည်း မြင့်တက်နေပါတယ်။
သေဆုံးသူအရေအတွက်ကလည်း ၃,၄၀၀ ကျော် အထိ တိုးလာနေပြီး အသက်ရှင် ကျန်ရှိနေသူ ဒုက္ခသည်တွေရဲ့ဘဝက အခြေအနေပိုပြီး နေပါတယ်။
အထူးသဖြင့် မန္တလေးမှာရှိတဲ့ ဘေးလွတ်ရာရွှေ့ပြောင်းနေရသူတွေရဲ့ ယာယီစခန်းတွေကို မိုးသည်းထန်မှုနဲ့ လေပြင်းတွေက ညကနေ မနက်အထိ တိုက်ခတ်ခဲ့တာကြောင့် လူတွေ ထပ်မံဒုက္ခရောက်နေရပါတယ်။
အိုးမဲ့အိမ်မဲ့ဖြစ်ပြီး စားဝတ်နေရေး အကူအညီများလိုနေတဲ့ ပြည်သူတွေအတွက် ဒီအခြေအနေက ပိုပြီးတော့ အခက်တွေ့စေသလို စစ်အာဏာသိမ်းပြီးနောက် လေးနှစ်ကြာ ဖြစ်ပွားနေတဲ့ ပြည်တွင်းစစ်တွေကြောင့် ရှိပြီးသား လူသားချင်းစာနာမှုအကျပ်အတည်းကို ထပ်ပြီး ဒီသဘာဝဘေးကြီးက ပိုဆိုးဝါးသွားစေပါတယ်။
မန္တလေးမှာရှိတဲ့ ကုလသမဂ္ဂရဲ့ အကြီးတန်းအရာရှိ Tom Fletcher က “ပျက်စီးမှုက အလွန်ကြီးမားတယ်၊ အစား၊ ရေ၊ လျှပ်စစ်နဲ့ ယာယီအိမ်တွေ အမြန်ဆုံးလိုအပ်နေတယ်” လို့ ပြောပါတယ်။
အသက်ရှင်ကျန်ရစ်နေတဲ့ လူတွေအတွက် စားနပ်ရိက္ခာ၊ သန့်ရှင်းသော သောက်ရေ၊ ယာယီအိမ်ရာနှင့် လျှပ်စစ်ဓာတ်အား အရေးပေါ် လိုအပ်နေပြီး ပျက်စီးဆုံးရှုံးမှု အတိုင်းအတာသည် အလွန်ကြီးမားတယ်လို့ ဆိုပါတယ်။
ဒါပေမယ့် မိုးကြောင့် ကယ်ဆယ်ရေးပစ္စည်းတွေ မဝေပေးနိုင်ဘဲ ရောဂါတွေ ဖြစ်လာနိုင်တယ်လို့လည်း သတိပေးထားပါတယ်။
မိုးလေဝသဌာနက ပြောတာကတော့ ဒီနေ့ထိ မိုးဆက်ရွာမယ်၊ အပူချိန်လည်း ၃၇°C အထိတက်နိုင်တယ်လို့ဆိုပါတယ်။ မိုးရေတွေထဲ ပူပြင်းတဲ့ဒဏ်နဲ့ ယာယီတဲတွေမှာ ခိုလှုံနေရတဲ့ ပြည်သူတွေဟာ ရောဂါဘယတွေ အလွယ်တကူကူးစက်နိုင်ပါတယ်။
ဘယ်လောက်ဆိုးလဲဆိုတော့… နိုင်ငံပိုင်မီဒီယာ၏ ဖော်ပြချက်အရ ငလျင်ကြောင့် သေဆုံးသူ အရေအတွက် ယခုအခါ ၃,၄၇၁ ဦးအထိ ရှိလာခဲ့ပြီး နောက်ထပ် ၄,၆၇၁ ဦး ဒဏ်ရာရရှိကာ ၂၁၄ ဦး ပျောက်ဆုံးနေသေးတယ်။
ငလျင်ကြောင့် နေအိမ် ၅,၂၂၃ လုံး၊ စာသင်ကျောင်း ၁,၈၂၄ ကျောင်း၊ ဘုရားစေတီ ၄,၈၁၇ ဆူ၊ ဆေးရုံနှင့် ဆေးခန်း ၁၆၇ ရုံ၊ တံတား ၁၆၉ စင်း၊ ရေကာတာ ၁၉၈ ခုနှင့် လမ်းပိုင်း ၁၈၄ ခုတို့ကို ထိခိုက်ခဲ့ပါတယ်။
လမ်းတံတားတွေ၊ ဆည်တွေ ပြိုကျထားတာကြောင့် ကယ်ဆယ်ရေးသွားဖို့ပင် အခက်တွေ့နေရပါတယ်။
စစ်ကိုင်းမြို့နဲ့ မန္တလေးက အပျက်အစီးအများဆုံးဒေသတွေဖြစ်ပြီး ငလျင်ဗဟိုချက်နားမှာ တည်ရှိပါတယ်။ ငလျင်အဓိကလှုပ်ပြီး ၁ ပတ်ကျော်ကြာသော်လည်း ငလျင်ငယ်တွေ ဆက်လှုပ်နေဆဲပါ။
USAID အဖွဲ့ကို ဖျက်သိမ်းလိုက်တာကြောင့် အမေရိကန်က ဒေါ်လာ ၉ သန်း ကူညီမယ်လို့ကတိပေးပေမယ့် အကူအညီတွေ မြန်မြန်မရောက်နိုင်ဘူးလို့ သိရပါတယ်။ USAID အရာရှိ ၃ ဦးလည်း အလုပ်ဖြုတ်လိုက်တော့ ဘေးဒုက္ခသည်တွေရဲ့မျှော်လင့်ချက်တွေ ဝေဝါးသလို ဖြစ်သွားစေပါတယ်။
ဒီလိုအခြေအနေမှာ စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်ကတော့ မန္တလေးမှာရှိတဲ့ တရုတ်ကယ်ဆယ်ရေးအဖွဲ့ကို ကျေးဇူးတင်ကြောင်း သွားရောက်ပြောကြားခဲ့ပါတယ်။
(မူရင်း – Myanmar Earthquake: Heavy Rains Compound Misery for Survivors-The Nation)