စစ်ရေးပဋိပက္ခမရှိသော သံဖြူဇရပ်မြို့နယ်၊ ကလိန်ပဒေါကျေးရွာအနီး ယမန်နေ့ (ဧပြီ ၅ ရက်) ညနေ ၆ နာရီခန့်က စစ်ကောင်စီတပ်၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် ရွာသား ၂ ဦး ထိခိုက်ဒဏ်ရာရပြီး နေအိမ်တစ်လုံး မီးလောင်ပျက်စီးခဲ့သည်။
ရှေ့တန်းသတင်းရင်းမြစ်များအရ ပစ်ခတ်မှုသည် သံဖြူဇရပ်မြို့အခြေစိုက် စစ်ကောင်စီလက်အောက်ခံ ၃၁၅ အမြှောက်တပ်ရင်းမှ ဖြစ်ကြောင်း သိရသည်။
ဒေသခံရာဘာခြံလုပ်သားတစ်ဦးက “လက်နက်ကြီးအသံကြားပြီး မကြာခင်မှာပဲ ကျေးရွာထဲက အိမ်တစ်လုံးမီးလောင်တာကို တွေ့ရတယ်” ဟု ပြောသည်။
စစ်ကောင်စီသည် ဧပြီ ၂ ရက်မှ ၂၂ ရက်အတွင်း ယာယီအပစ်ရပ်ထားကြောင်း ကြေညာထားသော်လည်း ဒေသအတွင်း တပ်ဖွဲ့ဝင်များ အမိန့်နာခံမှုအားနည်းနေကြောင်း မွန်ပြည်နယ်အပစ်ရပ်စောင့်ကြည့်ရေးအဖွဲ့က ဝေဖန်ခဲ့သည်။