ထားဝယ်- ၂၀၂၃ ဇူလိုင် (၂၀)
တနသႅာရီတိုင်း ထားဝယ်ခရိုင် မေတ္တာမြို့နယ်ခွဲအတွင်း လှုပ်ရှားနေသော KNU တပ်ဖွဲ့အား ယမန်နေ့ နေ့ခင်းပိုင်းတွင် KTLA-PDF ချောင်းမြောင်းပစ်ခတ်၍ KNU တပ်မဟာ (၄) စစ်ဆင်ရေးမှူးတစ်ဦး ကျဆုံးသည့်အပြင် သေဆုံးဒဏ်ရာရှိခဲ့ကြောင်း ထိုင်းမြန်မာနယ်စပ် စစ်ရေးလေ့လာသူတစ်ဦးက ကောင်းဝါသို့ ပြောကြားသည်။
“ကျဆုံးသွားတဲ့စစ်ဆင်ရေးမှူးက ကျနော့်မိတ်ဆွေပါ၊ ရန်သူကို မတိုက်ဘဲနဲ့ ကိုယ့်အချင်းချင်း ပြန်ချနေပြီ”ဟု ၄င်းက ဆက်ပြောသည်။
ဇူလိုင် (၁၉) နံနက် ၁၁ နာရီခွဲအချိန်ခန့်က မေတ္တာမြို့နယ်ခွဲ ဖောင်းတောရွာအနီးတွင် KNU တပ်မဟာ (၄) တပ်ရင်း (၁၀) တပ်ခွဲ (၁) နှင့် KTLA-PDF တို့ ၁၀ မိနစ်ကြာခန့် အပြန်အလှန်ပစ်ခတ်ကြရာ KNU တပ်မဟာ (၄) စစ်ဆင်ရေးမှူး ဗိုလ်မှူးစောဖိုးဆီ (ခေါ်) ဗိုလ်မှူးမုတ်ဆိတ်အပါဝင် ၂ ဦးကျဆုံးပြီး ၃ ဦး ဒဏ်ရာရရှိကြောင်း သိရသည်။
ထို့အတူ မေတ္တာမြို့နယ်ခွဲအတွင်း နောက်တစ်နေ့ ဇူလိုင် (၂၀) နံနက် ၇ နာရီအချိန်ခန့်တွင်လည်း KNU တပ်မဟာ (၄) ချောင်းမြောင်းပစ်ခတ်ခံထိသဖြင့် ၁၅ မိနစ်ကြာ နောက်ထပ်တစ်ကြိမ် အပြန်အလှန်ပစ်ခတ်ကြပြန်ကြောင်း သိရသည်။
သို့ရာတွင် KTLA-PDF ကျားဖြူစစ်ကြောင်းဘက်မှ ထိခိုက်သေဆုံးဒဏ်ရာရရှိမှု ရှိမရှိကို မသိရပေ။
ပြီးခဲ့သည့် ဇူလိုင် (၁၅) ရက် နံနက် ၁၀ နာရီခန့်တွင် မေတ္တာ-ထားဝယ်လမ်းပေါ်ရှိ KTLA-PDF တပ်ရင်း (၁) ဂိတ်စခန်းနေရာတစ်ခုကို KNU တပ်မဟာ (၄) က ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်မှ ရေးသားထားသည်။
Photo- KNU တပ်မဟာ(၄) စစ်ဆင်ရေးမှူး။