ကောင်းဝါ-၂၀၂၃ ဇူလိုင် (၂၂)
“ဝ”ပြည်သွေးစည်းညီညွတ်ရေးပါတီ(UWSP)၊အမျိုးသားဒီမိုကရက်တစ်မဟာမိတ်အဖွဲ့(NDAA-မိုင်းလား)၊ ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP)ကိုယ်စားလှယ်အဖွဲ့တို့ နေပြည်တော်၌ ၂ ရက်ကြာ တွေ့ဆုံဆွေးနွေးခဲ့ကြပြီးနောက် ဇူလိုင် (၂၁) ရက်တွင် အပြီးသတ်သဘောတူညီချက်များအား လက်မှတ်ရေးထိုးခဲ့ကြသည်။
နေပြည်တော်ရှိ Horizon Lake View ဟိုတယ်ဆွေးနွေးပွဲ၌ ငြိမ်းချမ်းရေးဆွေးနွေးရေး အဖွဲ့ခေါင်းဆောင် ဒု-ဗိုလ်ချုပ်ကြီးရာပြည့်နှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များကိုယ်စား “ဝ”ပြည်သွေးစည်းညီညွတ်ရေးပါတီ(UWSP) ဒု-ဥက္ကဋ္ဌ ဦးလော့ယာကုတို့က နိဂုံးချုပ်စကားများ ပြောကြားခဲ့ကြသည်။
သို့ရာတွင် ငြိမ်းချမ်းရေးညီလာခံကျင်းပရေး၊ ဒေသလုံခြုံရေးနှင့် ဒေသဖွံဖြိုးရေးကိစ္စရပ်များ ဆွေးနွေးခဲ့သည်ဟုသိရသော်လည်း သဘောတူညီခဲ့ကြသည့်အချက်များကိုမူ သတင်းထုတ်ပြန်ခြင်းမရှိခဲ့ပေ။
အဆိုပါ ငြိမ်းချမ်းရေးဆွေးနွေးပွဲသို့ နစကငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် ဦးဆောင်၍ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ ဒုတိယဗိုလ်ချုပ်ကြီး ဝင်းဗိုလ်ရှိန်နှင့် ညှိနှိုင်းရေး ကော်မတီအဖွဲ့ဝင်များ၊ “ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ(UWSP) ဒုတိယဥက္ကဋ္ဌ ဦးလော့ယာကု၊ အမျိုးသားဒီမိုကရက်တစ်မဟာမိတ်အဖွဲ့ (NDAA-မိုင်းလား) ဒုတိယဥက္ကဋ္ဌ ဦးစန်ပေ့၊ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) ဒုတိယဥက္ကဋ္ဌ(၃) စဝ်ဆေပိုင်ဖတို့ ဦးဆောင်သည့် ငြိမ်းချမ်းရေးဆွေးနွေးရေး ကိုယ်စားလှယ်များ တက်ရောက်ကြောင်း နစကသတင်းအရ သိရသည်။
အလားတူ NCA လက်မှတ်ထိုးထားသည့် RCSS, NMSP,ALP,PNLO, DKBA, KNU/KNLA-PC,LDU၊ တို့နှင့် တွေ့ဆုံဆွေးနွေးခဲ့ပြီး တစ်ဖွဲ့ချင်းအလိုက် သီးသန့်လက်မှတ်ရေးထိုးခဲ့ပြီးဖြစ်ကြောင်း သတင်းရရှိသည်။