အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် အစိုးရက ရိုဟင်ဂျာ ဒုက္ခသည်များအတွက် ဒေါ်လာ ၇၃ သန်းကို ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) မှတစ်ဆင့် ထောက်ပံ့သွားမည်ဟု ယမန်နေ့ (ကြာသပတေး) တွင် ထုတ်ပြန်ကြေညာခဲ့သည်။
အမေရိကန် နိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူ တမ်မီ ဘရုစ်က X လူမှုမီဒီယာပေါ်တွင် “ကုလသမဂ္ဂ၏ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်မှတစ်ဆင့် လူပေါင်း တစ်သန်းကျော်အား အရေးပေါ် စားနပ်ရိက္ခာ အထောက်အပံ့ ပေးသွားမည်။ အသက်ကယ်အကူအညီများတွင် နိုင်ငံတကာ မိတ်ဖက်များ ပူးပေါင်းပါဝင်ခြင်းဖြင့် ဝန်ထုပ်ဝန်ပိုးကို မျှဝေရန် အရေးကြီးသည်” ဟု ရေးသားဖော်ပြခဲ့သည်။
သမ္မတ ထရမ့် အစိုးရသည် အမေရိကန်၏ ဦးစားပေးမူဝါဒနှင့် ဖက်ဒရယ်အသုံးစရိတ်ကို ကြီးမားစွာ လျှော့ချနေချိန်တွင် ယခုကဲ့သို့ ရန်ပုံငွေထည့်ဝင်မှုကို ဆောင်ရွက်လိုက်ခြင်း ဖြစ်သည်။
အမေရိကန်အစိုးရသည် ၂၀၁၇ ခုနှစ်မှစတင်၍ ရိုဟင်ဂျာ ဒုက္ခသည်များအတွက် ဒေါ်လာ ၂ ဒဿမ ၄ ဘီလီယံနီးပါး ကူညီထားပြီးဖြစ်ကာ အကူအညီအများဆုံး ပေးသည့်နိုင်ငံအဖြစ် နိုင်ငံခြားရေးဌာနက ထုတ်ပြန်ထားသည်။
လွန်ခဲ့သော ၈ နှစ်အတွင်း မြန်မာနိုင်ငံမှ အကြမ်းဖက်မှုများကြောင့် ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးလာရသည့် ရိုဟင်ဂျာများအတွက် ရန်ပုံငွေ လျော့နည်းမှုကြောင့် ရိက္ခာအထောက်အပံ့များ လျှော့ချရမည်ဟု ကုလသမဂ္ဂအေဂျင်စီနှစ်ခုက သတိပေးခဲ့သည်။ ယင်းအခြေအနေသည် အငတ်ဘေးကို ပိုမိုဆိုးရွားစေပြီး အရေးပေါ်ကျန်းမာရေးစောင့်ရှောက်မှုများ ချို့တဲ့ကာ ရာဇဝတ်မှုများ ပိုမိုမြင့်တက်လာနိုင်ကြောင်း ကမ္ဘာ့အများဆုံး နိုင်ငံမဲ့ဒုက္ခသည်များက စိုးရိမ်နေကြသည်။
သို့သော် ၂၀၂၄ ခုနှစ် ဇန်နဝါရီလတွင် သမ္မတ ထရမ့် အစိုးရ တက်လာပြီးနောက် ရန်ပုံငွေများ ရပ်ဆိုင်းခံရခြင်းကြောင့် ဆေးရုံ ၅ ခုထက်မနည်းတွင် ဝန်ဆောင်မှုများ လျှော့ချခဲ့ရသည်။
Ref; ရိုက်တာ။