၂၀၂၃ ဇူလိုင် ၁၈
ထိုင်းရွေးကောက်ပွဲတွင် မဲအများဆုံးအနိုင်ရခဲ့သည့် MFP ပါတီခေါင်းဆောင် ဖိတာ လင်ဂျာရိုအန်ရတ်အနေဖြင့် မနက်ဖန်ဇူလိုင် ၁၉ ရက်နေ့မှာ ဝန်ကြီးချုပ်ဖြစ်ရေး ဒုတိယအကျော့မဲခွဲရွေးချယ်ခံရန် ကြေညာထားပြီးဖြစ်သော်လည်း ထိုင်းဖွဲ့စည်ပုံအခြေခံဥပဒေခုံရုံးက ဖိတာအမှုကို ကြားနာစစ်ဆေးသွားမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။
ပြီးခဲ့သည့် ဇူလိုင် ၁၃ ရက်နေ့က ဖိတာဝန်ကြီးချုပ်ဖြစ်ရေး ပထမအကြိမ် မဲပေးရွေးချယ်ခဲ့ရာတွင် လုံလောက်သောမဲအရေအတွက်မရခဲ့ပေ။
ထိုင်းဖွဲ့စည်းပုံအခြေခံဥပဒေသစ်အရ ဝန်ကြီးချုပ်တစ်ဦးကို လုံလောက်မဲ ၃၇၆ မဲ ရရှိသည်အထိ မဲပေးမှုကို အကြိမ်အရေအတွက် မကန့်သတ်ထားသလို ရက်အကန့်အသတ်မထားဘဲ ဆက်တိုက်ပြုလုပ်ခွင့်ရှိကြောင်း သိရသည်။
အထက်လွှတ်တော်အမတ် တစ်ဦးက “တစ်ခါ ရွေးချယ်ခံပြီးသားလူကို နောက်တစ်ခါ ထပ်မရွေးခိုင်းသင့်ဘူး၊ မဲလည်း မပေးနိုင်ဘူး” ဟု ပြောဆိုခဲ့သည်။
ထိုနောက် ဖိတာအနေဖြင့် ဒုတိယအကြိမ် မဲရွေးချယ်ခံမည့်နေ့ရက်တွင် ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးကပါ ရက်တိုက်ပြီး အမှုစတင်ကြားနာမည်ဖြစ်ကြောင်း ကြေညာချက်ထွက်ပေါ်လာခြင်း ဖြစ်သည်။
ဖခင်ကွယ်လွန်သွားပြီးနောက် ကျန်ရှိနေသည့် Itv မီဒီယာရှယ်ယာများကို ဖိတာအနေဖြင့် အလိုလို အမွေဆက်ခံရရှိထားသည့်အတွက် ဥပဒေအရ “အမတ်တစ်ယောက်သည် မီဒီယာပိုင်ဆိုင်မှုမရှိစေရ” စည်းမျဉ်းဥပဒေဖြင့် ငြိစွန်းနေကြောင်း အမတ်ဖြစ်ခွင့် မရှိသင့်အဆိုဖြင့် ရွေးကောက်ပွဲကော်မရှင်က ဇူလိုင် ၁၂ ရက်နေ့တွင် ဖွဲ့စည်းပုံအခြေခံဥပဒေရုံးသို့ လွှဲအပ်တင်ပြခဲ့ခြင်း ဖြစ်သည်။
Move Forward ဦးဆောင်သော ရှစ်ပါတီညွန့်ပေါင်းအဖွဲ့သည် ဇူလိုင်လ ၁၉ ရက်နေ့ ဒုတိယအကျော့ မဲခွဲမှုအတွက် ၀န်ကြီးချုပ်လောင်းအဖြစ် Pita Limjaroenrat ကို အဆိုတင်သွင်းရန် ထပ်မံဆုံးဖြတ်ခဲ့သည်။
Source:The Reporter