မြန်မာနိုင်ငံအတွင်း လက်နက်ကိုင်ပဋိပက္ခများ ဆက်လက်ပြင်းထန်နေပြီး လူဦးရေ သန်း ၂၀ နီးပါးသည် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ အရေးတကြီးလိုအပ်နေကာ ပြည်တွင်းရွှေ့ပြောင်းနေရသူ ၃.၅ သန်းအထိ ရှိလာသည်ဟု UNOCHA က ယမန်နေ့ (မတ်လ ၂၅) တွင် ထုတ်ပြန်ခဲ့သည်။
မကြာသေးမီ သီတင်း ၂ ပတ်အတွင်း ပဋိပက္ခဇုန်များတွင် လေကြောင်းတိုက်ခိုက်မှု၊ ဒရုန်းများဖြင့် တိုက်ခိုက်မှုနှင့် လက်နက်ကိုင်တိုက်ပွဲများ သိသိသာသာတိုးလာခဲ့သည်။
အနောက်မြောက်ဒေသဖြစ်သည့် မကွေးတိုင်းနှင့် မန္တလေးတိုင်းတို့တွင် လေကြောင်းတိုက်ခိုက်မှုများကြောင့် အရပ်သား ဒါဇင်နှင့်ချီသေဆုံးပြီး နေအိမ်များအပါအဝင် အခြေခံအဆောက်အအုံများ ပျက်စီးမှုများ ရှိခဲ့ကြောင်း ဒေသခံများက ပြောကြားသည်။
ပဋိပက္ခကြောင့် စားနပ်ရိက္ခာဖူလုံရေး ပြင်းထန်စွာထိခိုက်နေပြီး အရေးကြီးပြည်သူ့ဝန်ဆောင်မှုများ ပြိုလဲလုနီးပါးဖြစ်နေသည်။
လုံခြုံရေးဆိုင်ရာ အန္တရာယ်များနှင့် ငွေကြေးအခက်အခဲများကြား လူသားချင်းစာနာထောက်ထားမှုအဖွဲ့များသည် ၂၀၂၄ ခုနှစ်တွင် လူပေါင်း ၄ သန်းကျော်အား အကူအညီပေးနိုင်ခဲ့သော်လည်း လိုအပ်ချက်များမှာ လက်ရှိအရှိန်ထက် ပိုမိုများပြားနေသည်။
ကုလအဖွဲ့နှင့် နိုင်ငံတကာလူသားချင်းစာနာထောက်ထားမှုအသိုက်အဝန်းက ပဋိပက္ခတွင်ပါဝင်သူအားလုံးအား အရပ်သားများနှင့် စာနာထောက်ထားမှုဆိုင်ရာလုပ်သားများကို ကာကွယ်ပေးရန်၊ နိုင်ငံတကာဥပဒေများကို လေးစားလိုက်နာရန် တိုက်တွန်းခဲ့သည်။


