ထိုင်းနိုင်ငံသည် မလက္ကာရေလက်ကြား (Malacca Strait) ကို မဖြတ်သန်းဘဲ အိန္ဒိယနှင့် ပစိဖိတ်သမုဒ္ဒရာများအကြား ကုန်းလမ်းနှင့် ရထားလမ်းသစ်များ ဖောက်လုပ်ရန် ၂၀၃၀ ပြည့်နှစ်တွင် ကီလိုမီတာ ၁၀၀ ရှည်လျားသော “Landbridge” စီမံကိန်းကို ပြီးစီးရန် ရည်မှန်းထားကြောင်း သတင်းထွက်ပေါ်လာသည်။
ထိုင်းအစိုးရသစ်သည် တောင်ပိုင်းကျွန်းဆွယ်ဒေသရှိ ချွန်ဖွန်၊ ရနောင်၊ ဆူရတ်ဌာနီနှင့် နာခွန်စီထာမာရပ်စ်ပြည်နယ်များတွင် ဘတ်ငွေ ထရီလီယံ (အမေရိကန်ဒေါ်လာ ၂၉ ဘီလီယံ) ကုန်ကျမည့် အထူးစီးပွားရေးဇုန် တည်ထောင်ရန် ဥပဒေကြမ်းကို ထုတ်ပြန်ခဲ့သည်။
ဝန်ကြီးချုပ် Paetongtarn Shinawatra ဦးဆောင်သော Pheu Thai ပါတီသည် နိုင်ငံ၏တောင်ဘက်ခြမ်းရှိ ပင်လယ်ဆိပ်ကမ်းနှစ်ခုကို လမ်းမကြီးနှင့် ရထားလမ်းသစ်ဖြင့် ချိတ်ဆက်မည့် စီမံကိန်းကို တင်ပြထားပြီး ဤလမ်းကြောင်းသစ်ဖြင့် မလေးရှား-စင်္ကာပူကြား ကမ္ဘာ့အလုပ်အများဆုံး ရေလမ်းဖြစ်သည့် မလက္ကာရေလက်ကြားကို ရှောင်ရှားကာ သယ်ယူချိန် ၄ ရက်မှ ၂ ရက်သို့ လျှော့ချနိုင်မည်ဟု မျှော်မှန်းထားသည်။
ဥပဒေကြမ်းအရ၊ ဝန်ကြီးချုပ်က ဦးဆောင်သော ကော်မရှင်အသစ်သည် လျှပ်စစ်စွမ်းအင်အပါအဝင် လော်ဂျစ်စတစ်၊ အခြေခံအဆောက်အအုံနှင့် ဘဏ္ဍာရေးစီမံချက်များကို တာဝန်ယူမည်ဖြစ်သလို ပြည်သူ့အမြင်သဘောထား ရယူပြီးနောက် စီမံကိန်းအား ကက်ဘိနက်နှင့် ပါလီမန်သို့ တင်ပြမည်ဖြစ်သည်။
ယခင်ဝန်ကြီးချုပ် စရက်သာ ထာဗီဆင်ကလည်း အမေရိကနှင့် တရုတ်သို့ ခရီးစဉ်များတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများအား ၄င်းစီမံကိန်းကို စည်းရုံးခဲ့သည်။ ပြည်တွင်းကုမ္ပဏီများနှင့် ပူးပေါင်းလုပ်ကိုင်သည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများတွင် ၅၀% ထက် ပိုပိုင်ခွင့်ရှိမည်ဟု ထိုင်းအစိုးရက ကြေညာခဲ့သည်။
ထားဝယ်ရေနက်ဆိပ်ကမ်းအား ရုရှားနှင့်မြန်မာနှစ်နိုင်ငံ စာချုပ်ချုပ်ဆိုသည့်သတင်းများ ပေါ်ထွက်လာပြီးနောက် ထိုင်းနိုင်ငံက Landbridge” စီမံကိန်းကို ထုတ်ပြလာခြင်း ဖြစ်ကြောင်း ယူဆစရာရှိသည်။
Source; South China Morning Post

