မြန်မာနိုင်ငံရှိ လက်နက်ကိုင်ပဋိပက္ခနှင့် နိုင်ငံရေးပဋိပက္ခများကို ဖြေရှင်းရာတွင် ပြည်တွင်းအင်အားစုများကသာ အဓိကအခန်းကဏ္ဍမှ ပါဝင်နိုင်မည်ဖြစ်ပြီး၊ ပြည်ပအကူအညီများမှာ အရံသဘောသာဖြစ်ကြောင်း နိုင်ငံရေးလေ့လာသူများက သုံးသပ်ထားသည်။
အာဆီယံအဖွဲ့အတွင်း တရုတ်လိုလားသော အင်အားစုများနှင့် အမေရိကန်ကျောထောက်နောက်ခံပြုထားသော အင်အားစုများ ရှိနေခြင်းကြောင့်၊ အာဆီယံ၏ ဆုံးဖြတ်ချက်များမှာ ပြတ်သားမှုမရှိဘဲ ရပ်တန့်နေကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က ပြောဆိုသည်။
ဦးသန်းစိုးနိုင်က “အာဆီယံအဖွဲ့ထဲမှာ ပါဝင်တဲ့ အင်အားစုတွေ အနေနဲ့က တစ်ခုက တရုတ်လိုလားတဲ့ အင်အားစုတွေ လည်း ရှိတယ်၊ နောက်တစ်ခုက အမေရိကန် ကျောထောက်နောက်ခံပြုထားတဲ့ အင်အားစုတွေလည်း ရှိတဲ့အခါ ကျတော့ အာဆီယံရဲ့ ဆုံးဖြတ်ချက်တွေက ဘယ်တော့မှ ပြတ်ပြတ်သားသား မရှိပါဘူး၊ အဲဒီ အတောအတွင်းမှာ အာဆီယံအနေနဲ့ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီးတော့ ဆုံးဖြတ်ချက် ၅ ရပ် ချမှတ်ထားတာ စစ်ကောင်စီကလည်း မလိုက်နာပါဘူး၊ သို့သော် အဲဒီလို မလိုက်နာမှုအပေါ်မှာ အရေးယူဖို့ ဆုံးဖြတ်ချက်တွေကတော့ သူ့မှာ အရေးယူ မယ့် ယန္တရားလည်း မရှိဘူး၊ အဲလို ဆုံးဖြတ်ချက်လည်း မချနိုင်ဘူး၊ ဘာကြောင့်လဲဆိုတော့ တချို့က တရုတ် ထောက်ခံထားတဲ့ စစ်ကောင်စီကို အရေးယူ ဆောင်ရွက်ဖို့ဆိုတဲ့ကိစ္စက အာဆီယံအတွင်းမှာ သဘောထား မညီ ညွတ်ကြပါဘူး၊ အဲတော့ စစ်ကောင်စီအနေနဲ ဒီဆုံးဖြတ်ချက်တွေကို မနာခံလည်း ဘာမှမဖြစ်ဘူးဆိုတဲ့ အနေအထားအောက်မှာ ရောက်နေတာပါ၊ အာဆီယံ ကျနော်တို့ အဓိက အားကိုးပြီးတော့ ဗမာပြည်ရဲ့ ပြဿနာ ဖြေရှင်းဖို့ဆိုတာ လက်တွေ့အားဖြင့်တော့ မဖြစ်နိုင်တဲ့ အနေအထားကို အခု ၄ နှစ်ကျော်တဲ့အထိ တွေ့နေရတာ ဖြစ်ပါတယ်” ဟု ပြောသည်။
အာဆီယံ၏ မြန်မာနိုင်ငံဆိုင်ရာ ဆုံးဖြတ်ချက် ၅ ရပ်ကို စစ်ကောင်စီက လိုက်နာခြင်းမရှိသလို၊ အာဆီယံတွင် အရေးယူမှုဆိုင်ရာ ယန္တရားလည်း မရှိကြောင်း သူက ထောက်ပြသည်။
ထို့အတူ တရုတ်-မြန်မာဆက်ဆံရေးလေ့လာသူ ဒေါက်တာလှကျော်ဇောကမူ၊ မြန်မာနိုင်ငံ၏ တော်လှန်ရေးနှင့် နိုင်ငံရေးအခြေအနေများကို ပြည်တွင်းအင်အားစုများကသာ အဆုံးအဖြတ်ပေးနိုင်မည်ဖြစ်ပြီး၊ ပြည်ပအကူအညီများမှာ အရံသဘောသာဖြစ်ကြောင်း ပြောဆိုသည်။
ဒေါက်တာလှကျော်ဇောက “ကျမ ကြည့်တာတော့လေ ကျမတို့နိုင်ငံရဲ့ တော်လှန်ရေးကို ကျမတို့ ပြည်သူကိုပဲ အားကိုးရမယ်ဗျ၊ အာဆီယံတို့ ဘာတို့ ညာတို့ကို အားကိုးတယ်ဆိုတာ အရံသဘောပဲ ဖြစ်နိုင်တယ်နော်၊ ဘာဖြစ်လို့လဲဆိုတော့ အာဆီယံက ၁၀ နိုင်ငံလုံး သဘောတူမှ ဆုံးဖြတ်နိုင်တာ ဖြစ်တာကိုး၊ သူတို့နိုင်ငံတွေမှာလည်း သူတို့နိုင်ငံတွေအရ ပြဿနာတွေက တပုံကြီးလေ၊ အဲတော့ သူများနိုင်ငံရေးမှာ ဝင်မပါဘူးဆိုတာ သူတို့နိုင်ငံအတွက်လည်း အရေးကြီး တာကိုး၊ ကိုယ့်နိုင်ငံရေး အခြေအနေတွေ၊ ကိုယ့်တော်လှန်ရေး အခြေအနေကို ကိုယ့်ဟာကိုယ် ဝေဖန်ဆန်းစစ်ပြီး တော့ ရှေ့ဘယ်လို လုပ်ကြမယ်၊ ရှေ့ဘာလုပ်မယ် ညာလုပ်မယ်ဆိုတာ ကိုယ့်ဟာကိုယ် စဥ်းစားဆုံးဖြတ်ဖို့ပဲ၊ ပြည်ပ အကူအညီဆိုတာ အရံသဘောပဲဗျ၊ ဘယ်တော့မှ အဆုံးအဖြတ် မပေးဘူး၊ အဆုံးအဖြတ်ပေးမှာ ကိုယ့်ပြည်တွင်း အင်အားပဲ၊ ပြည်တွင်းက တော်လှန်ရေး အင်အားစုကပဲ အဆုံးအဖြတ်ပေးမှာ” ဟု ပြောသည်။
သို့သော်၊ တရုတ်၏ ပါဝင်မှုမှာ မြန်မာ့ပြည်တွင်းရေးတွင် ထင်ရှားစွာရှိနေသည်။ တရုတ်၏ ကြားဝင်စေ့စပ်မှုဖြင့် မြန်မာ့တပ်မတော်နှင့် ကိုးကန့်တပ်ဖွဲ့ (MNDAA) တို့အကြား ယာယီအပစ်အခတ်ရပ်စဲရေး သဘောတူညီမှုရရှိခဲ့ပြီး၊ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး (PSLF/TNLA) နှင့် မြန်မာ့တပ်မတော်တို့ကြား တွေ့ဆုံဆွေးနွေးမှုများလည်း ရှိခဲ့သည်။ ထို့အပြင်၊ AA နှင့် နစကတို့ကြား တရုတ်နိုင်ငံတွင် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ရန် စီစဉ်ထားကြောင်း သတင်းများလည်း ရှိသည်။
ရွေးကောက်ပွဲကျင်းပရေးတွင်လည်း တရုတ်၊ ရုရှားနှင့် ဘီလာရုစ်နိုင်ငံတို့က ထောက်ခံကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောဆိုခဲ့သည်။



