ကောင်းဝါ-၂၀၂၃ ဇူလိုင် (၁၅)
ကျိုက်ထိုမြို့နယ် အင်္ဂဘိုကျေးရွာရှိ KNU ရွှေလုပ်ကွက်မှ ဘတ်ဟိုးမောင်းသမားအပါအဝင် ရွှေလုပ်သား (၁၀) ဦးတို့အား မြန်မာစစ်တပ်မှဖမ်းဆီးပြီး လုပ်ငန်းသုံး ဘတ်ဟိုး (၃) စီးနှင့် ရွှေမျှောစက်များသိမ်းဆည်းသွားကြောင်း ရွှေတွင်းလုပ်ငန်း လုပ်ကိုင်နေကြသူများထံမှ သိရသည်။
ပြီးခဲ့သည့် ဇူလိူင်လ (၁၃) ရက် ညနေပိုင်းက အင်္ဂဘိုကျေးရွာရှိ ရွှေလုပ်ကွက်မှ ရွှေတွင်းလုပ်သား (၁၀) ဦးအား စစ်တပ်မှ လာရောက်ဖမ်းဆီးခေါ်ဆောင်သွားခြင်း ဖြစ်သည်။
“ကိုအောင် ရွှေတွင်းက ဘတ်ဟိုးသမားအပါအဝင် (၁၀) ယောက် ကို ဖမ်းသွားတာ” ဟု ရွှေတွင်းလုပ်ငန်းရှင်တစ်ဦးကပြောကြားသည်။
ထိုသို့ ဖမ်းဆီးခေါ်ဆောင်သွားသူများအား ကျိုက်ထိုမြို့မရဲစခန်းတွင် ချုပ်နှောင်ထားသည်ဟု ရဲတပ်ဖွဲ့နှင့် နီးစပ်သူများထံမှ သိရသည်။
အဆိုပါ ကိုအောင်ရွှေတွင်း အလုပ်သမားများမှာ နယ်ပေါင်းစုံမှလာရောက်လုပ်ကိုင်ကြသူများဖြစ်ကြကြောင်း နှင့် မည်သည့်အကြောင်းကြောင့် စစ်တပ်မှဖမ်းဆီးသွားသည်ကိုမသိရှိသေးကြောင်း ဖမ်းဆီးခံရသူများလုပ်ကိုင်နေသည့် ကိုအောင် ရွှေတွင်း မှ အလုပ်သမားတစ်ဦး၏ ပြောကြားချက်များအရ သိရသည်။
ထို့အပြင် စစ်ကောင်စီတပ်မှ ရွှေတွင်းအလုပ်သမားများကိုဖမ်းဆီးသွားပြီးနောက် အလုပ်သမားများနေထိုင်သည့်တဲများအားမီးရှို့ဖျက်ဆီးကာ လုပ်ငန်းတွင် အသုံးပြုနေသည့် ဘတ်ဟိုး (၃) စီးနှင့် ရွှေမျှောစက်များကိုယူဆောင်သွားသည်ဟု ၎င်းကဆိုသည်။
စစ်ရေးလေ့လာစောင့်ကြည့်နေသူတစ်ဦးက “KNU က တံတားတွေလာရောက်မိုင်းခွဲလိုက်တော့ တန်ပြန်အနေနဲ့ စစ်တပ်က KNU ရဲ့ အဓိက ငွေဝင်ပေါက်တွေကို လိုက်ဖြိုလာတာတွေ့ရတယ်၊ တံတားဘက်ကို လုံခြုံရေးပေးဖို့ အဓိက မထားဘဲနဲ့ KNU ရွှေတွင်းတွေကို စစ်ကြောင်းဝင်ထိုးနေတာ” ဟု သုံးသပ်သည်။
စစ်ကောင်စီတပ်မှ လာရောက်ဖမ်းဆီးသွားသည့် အင်္ဂဘိုကျေးရွာ ရွှေလုပ်ကွက်များမှာ KNU တပ်မဟာ (၁) ထိန်းချုပ်နယ်မြေတွင်တည်ရှိပြီး၊ ယင်းဒေသတွင် မကြာခဏတိုက်ပွဲဖြစ်ပွားလျှက်ရှိကြောင်း ဒေသခံများထံမှ သိရသည်။
ပုံစာ – အင်္ဂဘို ရွှေလုပ်ကွက်အဝင်လမ်းအား တွေ့ရစဉ်