အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်အစိုးရသည် ဗင်နီဇွဲလားနိုင်ငံသား ဒုစရိုက်ဂိုဏ်းဝင် ၂၀၀ ကျော်ကို တရားရုံး၏ တားမြစ်ချက်ကို ဖီဆန်ကာ အယ်လ်ဆာဗေးဒိုးနိုင်ငံသို့ နယ်နှင်လိုက်ကြောင်း သိရသည်။ ယင်းသို့ပြုလုပ်ရာတွင် သမ္မတထရမ့်အစိုးရသည် “နိုင်ငံခြားသား ရန်သူများဆိုင်ရာ အက်ဥပဒေ”ကို ကိုးကားခဲ့သည်။
မတ် ၁၆ ရက်က အယ်လ်ဆာဗေးဒိုးသမ္မတ နာယစ်ဘ်ဘူကီလီက လူမှုကွန်ရက်တွင် ဗင်နီဇွဲလား၏ Tren de Aragua ဂိုဏ်းဝင် ၂၃၈ ဦးနှင့် အမေရိကန်မှ MS-13 ဂိုဏ်းသား ၂၃ ဦးပါ လွှဲပြောင်းရရှိကြောင်း အတည်ပြုချက် ထုတ်ပြန်ခဲ့သည်။ သို့သော် နှစ်နိုင်ငံစလုံးက အကျဉ်းသားများ၏ အမည်နှင့် စွဲချက်များကို ထုတ်ဖော်ခြင်း မရှိခဲ့ပေ။
ဖက်ဒရယ်တရားသူကြီး ဂျိမ်းစ်ဘို့စ်ဘာ့ဂ်က ဤနယ်နှင်မှုကို ၁၄ ရက်ကြာ ဆိုင်းငံ့ထားရန် အမိန့်ထုတ်သော်လည်း အမေရိကန်အစိုးရက လေယာဉ်ဖြင့် အကျဉ်းသားများကို ဆက်လက်ပို့ဆောင်ခဲ့သည်။ ထရမ့်အစိုးရ၏ ရှေ့နေများက “အကျဉ်းသားများသည် အမေရိကန်နယ်မြေတွင် မရှိတော့သဖြင့် တရားရုံး၏ အမိန့်မှာ အကျိုးသက်ရောက်မှုမရှိ”ဟု ငြင်းဆိုခဲ့သည်။
ဘူကီလီမှ သရော်သံဖြင့် “Oops၊ အရမ်းနောက်ကျသွားပြီ”ဟု ရေးသားကာ လွှဲပြောင်းရရှိသူများကို အယ်လ်ဆာဗေးဒိုး၏ နာမည်ဆိုး စီကော့အကျဉ်းထောင်တွင် ထိန်းသိမ်းမည်ဟု ပြောကြားခဲ့သည်။ လေယာဉ်မှ ခေါ်ဆောင်လာသည့် ဗီဒီယိုတွင် လက်နက်စွဲကိုင်ထားသော ရဲများက ခြေချင်းထိပ်တပ်ထားသည့် အကျဉ်းသားများကို ဦးဆောင်နေပုံကို တွေ့ရသည်။
ထရမ့်အစိုးရသည် ၁၈၀၀ ပြည့်လွန်နှစ်များက ပြဋ္ဌာန်းခဲ့သော “နိုင်ငံခြားသား ရန်သူများဆိုင်ရာ အက်ဥပဒေ”ကို အကြောင်းပြုကာ ဤလုပ်ရပ်ကို ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ သို့သော် တရားသူကြီးဘို့စ်ဘာ့ဂ်က ယင်းဥပဒေသည် လက်ရှိအခြေအနေနှင့် ကိုက်ညီမှုမရှိဟု သုံးသပ်ကာ နယ်နှင်မှုကို ကန့်ကွက်ခဲ့သည်။
အမေရိကန်တရားရေးဝန်ကြီးဌာနက တရားသူကြီး၏ ဆုံးဖြတ်ချက်ကို အယူခံဝင်မည်ဟု ကြေညာထားပြီး အိမ်ဖြူတော်ပြောရေးဆိုခွင့်ရှိသူ ကာရိုလင်း လီယာဗစ်ကလည်း “တရားရုံး၏အမိန့်ကို မချိုးဖောက်ခဲ့ပါ”ဟု ပြန်လည်ကာကွယ်ခဲ့သည်။
အယ်လ်ဆာဗေးဒိုးသည် လက်လွှဲရရှိသူများကို တစ်နှစ်ကြာ ချုပ်နှောင်ထားမည်ဖြစ်ပြီး သဘောတူညီချက်ကို သက်တမ်းတိုးနိုင်ကြောင်း ဘူကီလီက ဖြည့်စွက်ပြောကြားခဲ့သည်။
ကိုးကား-Al Jazeera



