မြဝတီ၊ မတ် (၁၇)- ကရင်ပြည်နယ်၊ မြဝတီမြို့နယ်ရှိ ကျားဖြန့် အွန်လိုင်းငွေလိမ်လုပ်ငန်းနှင့် အွန်လိုင်းလောင်းကစားလုပ်ငန်းများမှ ထိန်းသိမ်းထားသည့် နိုင်ငံခြားသား ၃,၀၁၁ ဦးအား သက်ဆိုင်ရာနိုင်ငံများသို့ လွှဲပြောင်းပေးရန် အသင့်ပြင်ဆင်ထားကြောင်း စစ်ကောင်စီက မတ်လ ၁၆ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။
မတ်လ ၁၆ ရက်နေ့တွင်ပင် မြဝတီမြို့နယ်ရှိ မယ်ထော်သလေးနှင့် KK Park နယ်မြေများမှ တရုတ်နိုင်ငံသား ၁၆၃ ဦးကို ထပ်မံစစ်ဆေးဖော်ထုတ်ကာ ထိန်းသိမ်းနိုင်ခဲ့ကြောင်း စစ်ကောင်စီက ပြောကြားခဲ့သည်။
၂၀၂၅ ခုနှစ် ဇန်နဝါရီ ၃၀ ရက်နေ့မှ မတ်လ ၁၆ ရက်နေ့အထိ တရားမဝင် ဝင်ရောက်လာသည့် နိုင်ငံခြားသား ၆,၅၉၉ ဦးကို စစ်ဆေးဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့ပြီး၊ ယင်းအနက် ၃,၅၈၈ ဦးကို ထိုင်းနိုင်ငံမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို့ ပြန်လည်ပို့ဆောင်ခဲ့ကြောင်း သိရသည်။
မြဝတီမြို့နယ်တွင် ထိန်းသိမ်းထားသည့် နိုင်ငံခြားသားများတွင် တရုတ်၊ အင်ဒိုနီးရှား၊ ဗီယက်နမ်၊ မလေးရှား၊ ပါကစ္စတန်၊ အိန္ဒိယ၊ ယူဂန်ဒါ၊ အီသီယိုးပီးယား၊ နီပေါ၊ ထိုင်း၊ ဂျပန်၊ ရဝမ်ဒါ၊ ကင်ညာ၊ ကာဇတ်စတန်၊ ကမ္ဘောဒီးယား၊ ဂါနာ၊ ဘင်္ဂလားဒေ့ရှ်နှင့် တရုတ်(တိုင်ပေ)နိုင်ငံသားများ ပါဝင်သည်။
စစ်ကောင်စီက အွန်လိုင်းလောင်းကစားနှင့် အွန်လိုင်းငွေလိမ်လည်မှုလုပ်ငန်းများကို တားဆီးကာကွယ်တိုက်ဖျက်ရန် အိမ်နီးချင်းနိုင်ငံများနှင့် ပူးပေါင်းကာ စုံစမ်းဖော်ထုတ်အရေးယူလျက်ရှိကြောင်း ပြောကြားခဲ့သည်။
ထို့အပြင် မြဝတီကျားဖြန့် အွန်လိုင်းငွေလိမ်လုပ်ငန်းနှင့် အွန်လိုင်းလောင်းကစားလုပ်ငန်းများတွင် ရောက်ရှိနေသည့် လူများအနက် ၁% သာ လူကုန်ကူးခံထားရသူများဖြစ်ပြီး၊ ကျန်လူအများစုမှာ လစာကောင်းကောင်းရမည်ဟူသော မျှော်လင့်ချက်ဖြင့် အွန်လိုင်းမှတစ်ဆင့် ဆက်သွယ်ကာ မိမိသဘောဖြင့် ရောက်ရှိလာခဲ့ကြသည်ဟု စစ်ဆေးမေးမြန်းချက်များအရ ထိုင်းရဲချုပ်က ပြောကြားခဲ့ကြောင်း သတင်းများတွင် ဖော်ပြခဲ့သည်။
ဤလုပ်ငန်းများတွင် ပါဝင်နေသည့် နိုင်ငံခြားသားများအား လူ့အခွင့်အရေးနှင့် လုံခြုံရေးဆိုင်ရာ စည်းမျဉ်းများကို လိုက်နာစေရန် နိုင်ငံတကာအသိုင်းအဝိုင်းက စောင့်ကြည့်လျက်ရှိသည်။
