အမေရိကန်အစိုးရသည် AFP၊ Associated Press (AP)၊ ရိုက်တာ အစရှိသော ကမ္ဘာ့အကြီးဆုံး Wire သတင်းဌာနကြီးများနှင့် ချုပ်ဆိုထားသည့် စာချုပ်များကို ရုတ်တရက် ဖျက်သိမ်းလိုက်ကြောင်း သိရသည်။
Wire သတင်းဌာနများသည် ကမ္ဘာတစ်ဝန်းရှိ သတင်းထောက်များမှ တိုက်ရိုက်ရယူသည့် သတင်း၊ ဓာတ်ပုံနှင့် ရုပ်သံများကို အခကြေးငွေဖြင့် အခြားမီဒီယာများထံ ပြန်လည်ဖြန့်ဖြူးပေးသည့် အဖွဲ့အစည်းများဖြစ်ပြီး၊ ယခုလုပ်ရပ်သည် အမေရိကန်၏ နိုင်ငံတကာမီဒီယာလွှမ်းမိုးမှုကို ပြန်လည်သတ်မှတ်သည့် လှုပ်ရှားမှုတစ်ခုဟု သုံးသပ်နေကြသည်။
ဒေါ်နယ်ထရမ့်၏ မီဒီယာမဟာဗျူဟာကို ဦးဆောင်နေသည့် USAGM ဌာနမှ အကြီးတန်းအကြံပေး Kari Lake ၏ ညွှန်ကြားချက်အရ USAGM လက်အောက်ရှိ VOA၊ RFA၊ Radio Free Europe/Radio Liberty အစရှိသော အမေရိကန်အစိုးရငွေကြေးပံ့ပိုးသည့် သတင်းဌာနများ၏ လုပ်ငန်းများကိုလည်း ရပ်ဆိုင်းထားသည့်အချိန်တွင် ထရမ့်အစိုးရသည် သူ့အား ဝေဖန်သည့် မီဒီယာများကို တင်းကျပ်စွာ ကိုင်တွယ်လာခြင်းဖြစ်သည်။
အိမ်ဖြူတော်သတင်းစာရှင်းလင်းပွဲများတွင်လည်း ထရမ့်အစိုးရက သာမန်သတင်းသမားများအစား ဆိုရှယ်မီဒီယာမှ သူ့အားတော်လှန်သူများ (ဆယ်လီများ) ကို ရှေ့ဆုံးမှ ထိုင်စေကာ၊ ၎င်းတို့မှ ထရမ့်အကြိုက် မေးခွန်းများကို အမြဲဦးစားပေးမေးခွင့်ပြုလာသည်။
ယခုလတ်တလောတွင် ယူကရိန်းသမ္မတ ဇလန်းစကီး အိမ်ဖြူတော်သို့ စစ်ဝတ်စုံဖြင့် ရောက်ရှိစဉ် ထိုဆယ်လီသတင်းသမားတစ်ဦးက “အမေရိကန်ကို မထီလေးစားလုပ်သည့် ဝတ်စားဆင်ယင်မှု”ဟု စွပ်စွဲမေးမြန်းကာ ဝေဖန်မှုများကို မီးမောင်းထိုးခဲ့သည်။
ဤလုပ်ရပ်များသည် အမေရိကန်၏ သတင်းလွတ်လပ်ခွင့်နှင့် ကမ္ဘာ့မီဒီယာစနစ်အပေါ် ကြီးမားသော အကျိုးသက်ရောက်မှုရှိမည်ဟု ကျွမ်းကျင်သူများက သုံးသပ်လျက်ရှိသည်။

