ကောင်းဝါ- ၂၀၂၃ ဇူလိုင် (၁၄)
ကျိုက်မရောမြို့နယ်၊ ကျွန်းရွာကျေးရွာမှ ဒေသခံရွာသားတစ်ဦးမှာ ဇူလိုင်လ (၁၂) ရက် မွန်းလွဲပိုင်းက သေနတ်ဖြင့် ပစ်ခတ်ခံခဲ့ရကြောင်း ဒေသခံများထံမှ သိရသည်။
သေနတ်ဖြင့် ပစ်ခတ်ခံခဲ့ရသူမှာ ကျွန်းရွာကျေးရွာနေ ကိုသီဟအောင် ဆိုသူဖြစ်ကြောင်း၊ ၎င်းမှာ ဇူလိုင်လ (၁၂) ရက် မွန်းလွဲ (၂) နာရီအချိန်ခန့်က ကျိူက်မရောမြို့နယ် မရမ်းကုန်းကျေးရွာရှိ ၎င်းပိုင်ဆိုင်သည့် ရော်ဘာခြံအတွင်းမှ ကျွန်းရွာကျေးရွာဘက်သို့ ပြန်လာစဉ် သေနတ်ဖြင့် ပစ်ခတ်ခံခဲ့ရခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးကပြောကြားသည်။
၎င်းကဆက်လက်ပြီး “ကိုသီဟအောင်က လက်နက်ငယ်နဲ့ ပစ်ခတ်ခံရတာလို့ သိရတယ်။ ညာဘက်ဒူး နဲ့ ဘယ်ဘက်လက်မောင်းမှာ ကျည်ထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်” ဟု ပြောကြားသည်။
လက်ရှိတွင် ကိုသီဟအောင်မှာ ကျိုက်မရောမြို့နယ်ပြည်သူ့ဆေးရုံတွင် ဆေးကုသမှုခံယူနေရကြောင်း သိရသည်။
ပြီးခဲ့သည့် ဇူလိုင်လ (၂) ရက်၊ နံနက် (၁၁) နာရီအချိန်ခန့်ကလည်း မွန်ပြည်နယ် ကျိုက်မရောမြို့နယ် ချောင်းနှစ်ခွကျေးရွာတွင် ဒေသခံတစ်ဦး သေနတ် ပစ်သတ်ခံရပြီး သေဆုံးခဲ့သေးကြောင်း ဒေသခံများ ပြောကြားချက်များအရ သိရသည်။