သံလွင်မြစ်နှင့် သောင်ရင်းမြစ်ဆုံရာ မြစ်ဆုံဒေသတွင် ဟတ်ကြီးရေကာတာ စီမံကိန်းကို ကန့်ကွက်သည့် ဆန္ဒပြလှုပ်ရှားမှုကို အရပ်ဖက်အဖွဲ့အစည်းများ၊ ဒေသခံပြည်သူများနှင့် ထိုင်းနိုင်ငံမှ ပြည်သူများက မတ်လ ၁၄ ရက်က ပူးပေါင်းကျင်းပခဲ့သည်။
ကေအဲန်ယူ (ကရင်အမျိုးသားအစည်းအရုံး)၊ Karen Rivers Watch (KRW)၊ Karen Environmental and Social Action Network (KESAN) အပါအဝင် အဖွဲ့များက ဦးဆောင်သည့် ဤလှုပ်ရှားမှုကို အပြည်ပြည်ဆိုင်ရာ မြစ်ချောင်းထိန်းသိမ်းရေးနှင့် ရေကာတာဆန့်ကျင်ရေးနေ့နှင့် တစ်ပြိုင်နက် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
လှုပ်ရှားမှုတွင် ဦးဆောင်သူတစ်ဦးက “သံလွင်မြစ် ဖြစ်ဖြစ် သောင်ရင်းမြစ်ဖြစ်ဖြစ် ဒီမြစ်တွေဟာ ကျွန်တော်တို့ ဘိုးဘွားအစဉ်အဆက် လှုပ်ရှားနေထိုင်တဲ့ နေရာတွေဖြစ်တယ်။ သံလွင်မြစ်ဟာ ဌာနေတိုင်းရင်းသား ပြည်သူတွေရဲ့ အဓိက မှီခိုအားထားရာဖြစ်ပြီး စိုက်ပျိုးရေး၊ ငါးဖမ်းလုပ်ငန်း၊ သယ်ယူပို့ဆောင်ရေးတွေအတွက် အသက်သွေးကြောလည်းဖြစ်တယ်။ ရေကာတာစီမံကိန်း အကောင်အထည်ပေါ်လာရင် ထိုင်း၊ တရုတ်နဲ့ မြန်မာအစိုးရတွေပဲ အကျိုးခံစားရမှာ။ ဒေသခံတွေရဲ့ နေရပ်နဲ့ အသက်မွေးဝမ်းကျောင်းမှုတွေ ပျက်စီးသွားမယ်” ဟု ရှင်းလင်းပြောကြားခဲ့သည်။
ဆန္ဒပြပွဲသို့ ဒေသခံများ၊ အဖွဲ့အစည်း ၁၀ ခုကျော်နှင့် ထိုင်းနိုင်ငံမှ ပြည်သူစုစုပေါင်း ၃၀၀ ခန့် တက်ရောက်ခဲ့ပြီး ရေကာတာစီမံကိန်းကြောင့် သဘာဝပတ်ဝန်းကျင်၊ လူမှုရေးနှင့် စီးပွားရေးထိခိုက်မှုများကို စိုးရိမ်ကြောင်း သံပြိုင်ကန့်ကွက်ခဲ့ကြသည်။
ဟတ်ကြီးရေကာတာကို လျှပ်စစ်ဓာတ်အားထုတ်လုပ်ရန် ရည်ရွယ်တည်ဆောက်မည်ဖြစ်သော်လည်း ဒေသခံများက ယင်းစီမံကိန်းအား သူတို့၏ဘဝနှင့် ဂေဟစနစ်ကို ခြိမ်းခြောက်နေသည်ဟု ပြင်းထန်စွာ ဝေဖန်နေကြသည်။
(ဓာတ်ပုံ − ကေအဲန်ယူ)