စစ်မှုထမ်းအကျုံးဝင်သည့် အမျိုးသားများအား PJ နိုင်ငံကူးလက်မှတ်နှင့် ပြည်ပအလုပ်သမားသက်သေခံကတ် (OWIC) ထုတ်ပေးမှု ယာယီရပ်ဆိုင်းထားခြင်းကြောင့် မြန်မာနိုင်ငံရှိ ပြည်ပအလုပ်အကိုင်အေဂျင်စီ ၆၀၀ ခန့်အနက် ၅၀၀ ခန့် လုပ်ငန်းများ ရပ်နားနေရသည်ဟု အေဂျင်စီများဘက်က ပြောသည်။
စစ်ကောင်စီသည် လူငယ်များ ပြည်ပသို့ အလုပ်ထွက်ခွာမှုကို နည်းမျိုးစုံဖြင့် ကန့်သတ်နေပြီး ပြည်ပအလုပ်သမားများ၏ မိသားစုသို့ လွှဲပို့ငွေ၏ ၂၅% ကို တရားဝင်လမ်းကြောင်းမှ မပို့နိုင်သည့် အေဂျင်စီ ၁၄၆ ခုကို ယခုနှစ် စက်တင်ဘာလက အရေးယူခဲ့သည့်အပြင် ဖေဖော်ဝါရီ ၃ ရက်တွင် အခွန်မဆောင်သည့် အေဂျင်စီ ၁၂၃ ခုကို လုပ်ငန်းလုပ်ကိုင်ခွင့် ဆိုင်းငံ့ခဲ့သည်။
ရန်ကုန်မှ အေဂျင်စီတစ်ခုက “ဖေဖော်ဝါရီ ၁၉ ရက်ကတည်းက အကုန်ရပ်သွားပြီ။ စင်ကာပူက အလုပ်သမား ၁၀၀ လိုချင်တဲ့အော်ဖာကို ဗီယက်နမ်၊ ဘင်္ဂလားဒေ့ရှ်ကို ညွှန်းလိုက်ရတယ်။ OWIC ကတ် မရှိလို့ မြန်မာကနေ မပို့နိုင်ဘူး” ဟု ရှင်းပြသည်။
စစ်ကောင်စီ၏ အလုပ်သမားဝန်ကြီးဌာနက မတ် ၂၀ ရက်မှစ၍ OWIC ကတ်ပြန်ထုတ်ပေးမည်ဟု ကြေညာထားသော်လည်း လက်ရှိတွင် စင်ကာပူ၊ မလေးရှား၊ ထိုင်းနှင့် ဒူဘိုင်းသို့ လုပ်သားစေလွှတ်သည့် အေဂျင်စီအများစု လုပ်ငန်းဆိုင်းငံ့ထားရသည်။
မလေးရှားမှ ခွင့်ရက်စေ့ပြန်လာသူ တစ်ဦးက “စမတ်ကတ်သက်တမ်းတိုးပြီး ပြန်မထွက်ရဘူး။ လုပ်ငန်းခွင်ပြန်ဝင်ဖို့ အွန်လိုင်းကနေ ၅ ရက်ကြိုလျှောက်ရမယ်” ဟု ပြောသည်။
အေဂျင်စီများဘက်ကလည်း “လုပ်ငန်းစဉ်တွေ နှေးကွေးလာမယ်၊ အလုပ်သမားရှားပါးမှုနဲ့ ကြုံရမယ်” ဟု သုံးသပ်သည်။
လက်ရှိတွင် အစိုးရဌာနသို့ တစ်လတစ်ကြိမ် လုပ်သားစေလွှတ်မှုမရှိကြောင်း အစီရင်ခံစာတင်သွင်းနေရသည့် အေဂျင်စီ ၅၉၅ ခု၏ ၈၀% ခန့်သည် ယာယီလုပ်ငန်းရပ်နားထားရသည်ဟု ခန့်မှန်းရသည်။

