ကောင်းဝါ ၂၀၂၃ ဇူလိုင် (၁၄)
စားအုန်းဆီ ရည်ညွန်းဈေးနှုန်းမြင့်တက်လာပြီးနောက် ယခုအခါ မွန်ပြည်နယ်အတွင်း စားအုန်းဆီ တစ်ပိဿာ ကျပ်တစ်သောင်းဝန်းကျင်အထိဈေးတက်လာကြောင်း စားအုန်းဆီလုပ်ငန်းရှင်များ၏ ပြောကြားချက်များအရ သိရသည်။
ယခင် စားအုန်းဆီရည်ညွန်လက်ကားဈေးနှုန်း တစ်ပိဿာ (၃၀၀၀) ကျပ် မှ ဇူလိုင်လ (၁၀) ရက် မှ (၁၆) ရက်အထိ စားအုန်းဆီရည်ညွန်လက်ကားဈေးနှုန်း တစ်ပိဿာ (၄၁၄၀) ကျပ်အထိမြင့်တက်လာခဲ့ပြီးနောက် ဈေးကွက်အတွင်း စားအုန်းဆီဈေးနှုန်းများ လိုက်တက်လာခဲ့ခြင်းဖြစ်ကြောင်း စားအုန်းဆီလုပ်ငန်းရှင်တစ်ဦးက ပြောကြားသည်။
၎င်းကဆက်လက်ပြီး “ရည်ညွန်းလက်ကားဈေးနှုန်းမတက်ခင်းကတည်းက စားအုန်းဆီက ပြင်ပဈေးကွက်မှာ တစ်ပိဿာကို ကျပ် (၈၀၀၀) ကျော်၊ (၉၀၀၀) ကျပ် နီးပါးဖြစ်နေပြီး။ အခုက တစ်ပိဿာကို (၉၈၀၀) ကျပ်အထိရောက်သွားပြီး။ မကြာခင်တစ်သောင်းကျော်သွားနိုင်ပါတယ်” ဟု ပြောကြားသည်။
ထို့အပြင် လုံခြုံရေးအခြေအနေရ လမ်းပန်းဆက်သွယ်ရေးအခက်အခဲများရှိသည့် ရေးမြို့နယ်အတွင်း စားအုန်းဆီတစ်ပိဿာလျှင် ကျပ်တစ်သောင်းကျော်ထိ ဈေးတက်နေပြီးဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် မွန်ပြည်နယ် စားသုံးသူရေးရာဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် စားအုန်းဆီ (၅၀) ကျပ်သားပါ တစ်ဗူးလျှင် (၂၃၅၀) ကျပ်၊ တစ်ဦလျှင် တစ်ပိဿာနှုန်းဖြင့် လိုက်လံရောင်းချပေးနေကြောင်းလည်း သိရသည်။