ထရမ့်အစိုးရသည် နိုင်ငံပေါင်း ၄၀ ကျော်မှ နိုင်ငံသားများအား ခရီးသွားလာခွင့် ကန့်သတ်ရန် စဉ်းစားနေကြောင်း၊ ယင်းစာရင်းတွင် မြန်မာနိုင်ငံအပါအဝင် နိုင်ငံပေါင်း ၄၃ နိုင်ငံကို အုပ်စု ၃ စုခွဲ၍ သတ်မှတ်ထားသည်ဟု Reuters သတင်းဌာနက မဖော်ပြလိုသူ အမေရိကန်အရာရှိတစ်ဦး၏ ထုတ်ပြန်ချက်အရ သိရသည်။
အဓိကအချက်များ
အနီရောင်စာရင်း (လုံးဝပိတ်ပင်နိုင်ငံများ): အာဖဂန်၊ ဘူတန်၊ ကျူးဘား၊ အီရန်၊ လစ်ဗျား၊ မြောက်ကိုရီးယား၊ ဆိုမာလီယာ၊ ဆူဒန်၊ ဆီးရီးယား၊ ဗင်နီဇွဲလားနှင့် ယီမင်နိုင်ငံတို့ပါဝင်။
လိမ္မော်ရောင်စာရင်း (အကန့်အသတ်ဖြင့်ခွင့်ပြု): မြန်မာအပါအဝင် ဘီလာရုစ်၊ အီရီထရီးယား၊ ဟေတီ၊ လာအို၊ ပါကစ္စတန်၊ ရုရှား၊ ဆီရာလီယွန်၊ တောင်ဆူဒန်နှင့် တာ့ခ်မင်နစ္စတန်တို့ ပါဝင်။ ဤအုပ်စုရှိ နိုင်ငံသားများသည် စီးပွားရေးလုပ်ငန်းရှင်များအား အထူးခွင့်ပြုထားသော်လည်း ဗီဇာလျှောက်ထားသူများအနေဖြင့် လူကိုယ်တိုင် အင်တာဗျူးခံရမည်ဖြစ်ပြီး အခြားကန့်သတ်ချက်များ ရှိနိုင်သည်။
အစိမ်းရောင်စာရင်း: ယခုအချိန်ထိ အတည်ပြုချက်မရှိသေးသော်လည်း ဤအုပ်စုတွင် ကန့်သတ်ချက်လျော့ပေါ့ထားသည့် နိုင်ငံများ ပါဝင်မည်ဟု မျှော်လင့်ရသည်။
အဆိုပါစာရင်းအား အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Marco Rubio ဦးဆောင်သော အဖွဲ့မှ အတည်မပြုရသေးဘဲ ပြင်ဆင်မှုများ ရှိနိုင်ကြောင်း သတိပေးထားသည်။ ဤကန့်သတ်ချက်များသည် ကိုဗစ်-၁၉ ကြောင့်မဟုတ်ဘဲ လုံခြုံရေးနှင့် လူဝင်မှုမူဝါဒဆိုင်ရာ စဉ်းစားချက်များအရ ချမှတ်နိုင်ခြေ ရှိသည်ဟု သိရသည်။
