PJ နိုင်ငံကူးလက်မှတ်နှင့် OWIC ကတ်ရှိသူများသည် ပြည်ပသို့ အလုပ်သွားရောက်လိုပါက အလုပ်သမားဝန်ကြီးဌာနသို့ အွန်လိုင်းမှတစ်ဆင့် လျှောက်ထားရမည်ဖြစ်ပြီး လူကိုယ်တိုင်လာရောက်စရာမလိုကြောင်း အလုပ်သမားဝန်ကြီးဌာန အသိပေးထားသည်။
ဤလုပ်ငန်းစဉ်ကို ၂၁၂၅ ခုနှစ်၊ မတ်လ ၁၇ ရက် (တနင်္လာနေ့) တွင် စတင်ဆောင်ရွက်မည်ဖြစ်ရာ ယင်းသို့ လျှောက်ထားရာတွင် လိုအပ်သည့် စာရွက်စာတမ်းများမှာ ပြည်ပသို့သွားရောက်အလုပ်လုပ်ကိုင်ရန် ခွင့်ပြုချက်အတွက် လျှောက်ထားသည့်စာ၊ နိုင်ငံကူးလက်မှတ်မိတ္တူ၊ OWIC ကတ်မိတ္တူ၊ ခွင့်ပြန်အလုပ်သမားများဖြစ်ပါက အလုပ်လုပ်ခွင့်ပါမစ်မိတ္တူနှင့် အလုပ်ရှင်မှ ခွင့်ပြန်ခွင့်စာတို့ ပါဝင်သည်။
အေဂျင်စီများအနေဖြင့် သက်ဆိုင်ရာနိုင်ငံအလိုက် လုပ်ငန်းဆောင်ရွက်နေသည့် Email သို့ တင်ပြရန် လိုအပ်ပြီး၊ မိမိအစီအစဉ်ဖြင့် သွားရောက်မည့်သူများအနေဖြင့် migrantdeparture@gmail.com သို့ သတ်မှတ်အထောက်အထားများ ပေးပို့ရန် လိုအပ်သည်။
ဝန်ကြီးဌာနမှ စိစစ်ပြီးနောက် ပြည်ပသို့ သွားရောက်အလုပ်လုပ်ကိုင်ရန် ခွင့်ပြုသည့် စာရင်းများကို Safe Migration Telegram Channel တွင် ကြေညာပေးမည်ဖြစ်ပြီး သက်ဆိုင်ရာ လေဆိပ်များသို့လည်း ပေးပို့ထားမည်ဖြစ်သည်။
သို့သော် OWIC ကတ်လျှောက်ထားသူများအား ပြည်ပထွက်ခွင့်အတွက် ပိုမိုတင်းကျပ်စွာ စိစစ်သွားမည်ဖြစ်ပြီး၊ ခွင့်မပြုသည့် မှတ်ချက်ဖြင့် ကတ်ထုတ်မပေးသည့် အခြေအနေမျိုးလည်း ရှိနိုင်သည်။
အထူးသဖြင့် စစ်မှုထမ်းဆင့်ခေါ်ခံရသူများအား ပြည်ပထွက်ခွင့် ပိတ်ပင်ထားနိုင်သည်။ ထို့အပြင် OWIC ကတ်လျှောက်ထားသူများအား ပြန်လည်စိစစ်ပြီးမှ ကတ်ထုတ်ပေးမည်ဖြစ်သဖြင့် စောင့်ဆိုင်းရမည့် ကာလမှာ ခန့်မှန်းရခက်နိုင်ကြောင်း အလုပ်သမားအရေးလှုပ်ရှားသူများက သုံးသပ်သည်။
