ကောင်းဝါ-၂၀၂၃ ဇူလိုင် (၁၄)
မွန်ညီညွတ်ရေးပါတီအပြင် တခြားသောနိုင်ငံရေးပါတီများ၏ ရပ်/ကျေးဆိုင်းဘုတ်များကိုပါ ဖြုတ်ချရန်ညွန်ကြားထားသည်ဟု မွန်ညီညွတ်ရေးပါတီမှ တာဝန်ရှိသူတစ်ဦး ၏ ပြောကြားချက်များအရ သိရသည်။
မိမိတို့ ပါတီတစ်ခုတည်းကို ရပ်/ကျေးပါတီဆိုင်းဘုတ်များဖြုတ်သိမ်းရန် ညွန်ကြားလာခြင်းမဟုတ်ဘဲ၊ အခြားသောနိုင်ငံရေးပါတီများကိုလည်း ယင်းသို့လုပ်ဆောင်ရန်ညွန်ကြားထားကြောင်း ၎င်းတာဝန်ရှိသူက ပြောကြားသည်။
၎င်းကဆက်လက်ပြီး “လက်တလောမှာ ရပ်ကွက်နဲ့ကျေးရွာ ပါတီရုံးတွေ ရုံးစိုက်ခွင့်မရှိဘူး။ ဒါပေမယ့် ပါတီမြို့နယ်ရုံးအနေနဲ့ဘဲပါတီဆိုင်းဘုတ်ထောင်တာတို့၊ အလံထောင်တာတို့ဘဲလုပ်ခွင့်ရှိပါတသေးတယ်။ အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီး ပြည်နယ်ကော်မရှင်အဖွဲ့ကိုလည်းမေးမြန်းပြီးပါပြီ” ဟု ပြောကြားသည်။
“နည်းနည်းထူးခြားတာက ကော်မရှင်ကနေ မညွန်ကြားဘဲနဲ့ သက်ဆိုင်ရာမြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့က ညွန်ကြားလာတဲ့ သဘောမျိုးရှိတယ်။ ဒါကို ကျွန်တော်တို့အနေနဲ့ကလည်း မယုံကြည်လို့ ရွေးကောက်ပွဲကော်မရှင်ကိုမေးကြည့်တော့ ကော်မရှင်ကလည်း ဟုတ်ပါတယ်။ ဒီညွန်ကြားချက်က အတည်ပါဘဲ။ အဲ့ဒီတော့ ကော်မရှင်အနေနဲ့ကလည်း သီးသန့်ညွန်ကြားချက်မထုတ်တော့တာပါလို့ ပြောလာပါတယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။
မွန်ပြည်နယ်အတွင်း မွန်ညီညွတ်ရေးပါတီမှ ဖွင့်လှစ်ထားသည့် ရပ်/ကျေးပါတီရုံးများသာ ကျန်ရှိတော့သည့်အတွက်ကြောင့် ယခုလို ပါတီဆိုင်းဘုတ်များ ဖြုတ်ချရန် ညွန်ကြားလာသည့်အတွက်က ပါတီဆိုင်းဘုတ်များ လိုက်ဖြုတ်လိုက်ရသည့်အတွက် တစ်မျိုးကြီးတော့ ဖြစ်သွားကြောင်း ၎င်းက ဆိုသည်။
မွန်ပြည်နယ်အတွင်းရှိ အခြားသောနိုင်ငံရေးပါတီများအနေဖြင့်လည်း (၂၀၂၀) ပြည့်နှစ်အထွေထွေရွေးကောက်ပွဲအပြီးတွင် ရပ်/ကျေးပါတီရုံးများ ဖွင့်လှစ်ထားမှု မရှိတော့ကြောင်း နှင့် လက်ရှိတွင်လည်း သက်ဆိုင်ရာမြို့နယ်ပါတီ ရုံးအဖြစ်ဖွင့်လှစ်ထားမှုများကိုလည်း ပိတ်သိမ်းထားကြပြီးဖြစ်ကြောင်း သိရသည်။
မွန်ညီညွတ်ရေးပါတီအနေဖြင့် အသစ်ပြဌာန်းထားသည့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေပုဒ်မ – ၂၅ အရ နိုင်ငံရေးပါတီအဖြစ် ဆက်လက်တည်ထောင်လိုသည့်အတွက် ပြီးခဲ့သည့် မတ်လ (၁၅) ရက်က ပါတီမှတ်ပုံတင်ခွင့် လျှောက်ထားခဲ့သော်လည်း ယခုအချိန်အထိ ပါတီမှတ်ပုံတင်ခွင့်မရရှိသေးကြောင်း ပါတီတာဝန်ရှိသူများ၏ ပြောကြားချက်များအရ သိရသည်။