တနင်္သာရီတိုင်း လောင်းလုံးမြို့အနီးရှိ စစ်ကောင်စီတပ်စခန်းတစ်ခုကို ကာကွယ်ရေးတပ်ဖွဲ့များ (PDF) မတ်လ ၁၃ ရက် မနက်ပိုင်းက ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်မှ လေကြောင်းနှင့် ရေကြောင်းမှ တစ်ဆင့် ပြန်လည်ပစ်ခတ်ခဲ့ကြောင်း ဒေသတွင်းကာကွယ်ရေးတပ်ဖွဲ့ဝင်များက ပြောသည်။
လောင်းလုံးမြို့နယ် လက်ခတ်တောင်တာဝါတိုင် စစ်ကောင်စီစခန်းသို့ မနက် ၁၀ နာရီခန့်က PDF တပ်ဖွဲ့များ စတင်တိုက်ခိုက်စဉ် စစ်ကောင်စီတပ်မှ လေယာဉ်ဖြင့် ဗုံးကြဲခြင်း၊ စက်သေနတ်များပစ်ခတ်ခြင်းနှင့် ပင်လယ်ပြင်မှ စစ်သင်္ဘောများက လက်နက်ကြီးများ ပစ်ခတ်မှုများ ဖြစ်ပွားခဲ့သည်။
ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက “နှစ်ဖက်တိုက်ပွဲဖြစ်တာ။ ဗုံးခြောက်လုံးခန့်ကြဲပြီး စက်သေနတ်နဲ့လည်း အပေါ်ကပစ်တယ်။ ပင်လယ်ထဲက စစ်သင်္ဘောကလည်း အကြိမ်ကြိမ်ပစ်ခတ်တယ်” ဟု ရှင်းပြသည်။
အဆိုပါတိုက်ပွဲကြောင့် ဒေသခံအရပ်သားများ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ခဲ့သော်လည်း သေဆုံးသူမရှိဟု သိရသည်။ စစ်ကောင်စီစခန်းတွင် စစ်သား ၃၀ ခန့် တပ်စွဲထားကြောင်း သတင်းရရှိသည်။
အလားတူ မတ်လ ၁၃ ရက်တွင်ပင် လောင်းလုံးမြို့နယ် မောင်းမကန်ကျေးရွာရှိ ရဲစခန်းကိုလည်း PDF တပ်ဖွဲ့များက ဝင်တိုက်ခဲ့ပြီး စစ်ကောင်စီတပ်နှင့် ရေတပ်မှ ပြန်လည်ပစ်ခတ်မှုများ ဖြစ်ပွားခဲ့သည်။ ယင်းပစ်ခတ်မှုတွင် ကျေးရွာမှ အမျိုးသမီးနှင့် ကလေးအပါအဝင် အရပ်သား ၃ ဦး ဒဏ်ရာရခဲ့ကြောင်း ဒေသခံတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။
ထို့အပြင် မတ်လ ၈ ရက်က လောင်းလုံးမြို့ပေါ်ရှိ ရဲစခန်း၊ မြို့နယ်အုပ်ချုပ်ရေးရုံးနှင့် စဖရုံးတို့ကို ထားဝယ်ခရိုင် PDF တပ်ပေါင်းစုက ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်သား ၁၀ ဦးအထက် ကျဆုံးခဲ့သည်ဟု သတင်းထုတ်ပြန်ထားသည်။
ယင်းတိုက်ခိုက်မှုများသည် ထားဝယ်ရေနက်ဆိပ်ကမ်းတွင် ရုရှားနိုင်ငံနှင့် လုပ်ကိုင်ဆောင်ရွက်လျက်ရှိသော စီးပွားရေးစီမံကိန်းများအတွက် စစ်ကောင်စီမှ လုံခြုံရေးအရှိန်မြှင့်တင်လာခြင်းနှင့် ဆက်စပ်နေကြောင်း စစ်ရေးအကဲခတ်များက သုံးသပ်သည်။

