စစ်ကောင်စီလက်အောက်ခံ မွန်ငြိမ်းချမ်းကာကွယ်ရေးအဖွဲ့ ကော့တုံဌာနချုပ်မှ အဖွဲ့ခေါင်းဆောင် အိုက်ချမ်း (သြဆာန်) ယနေ့ နံနက်ပိုင်းတွင် သေနတ်ထိမှန် ပွဲချင်းပြီး သေဆုံးသွားကြောင်း သတင်းရရှိသည်။
မွန်ပြည်နယ် ကျိုက်မရောမြို့နယ်၊ ကရင်ပြည်နယ် ဘားအံမြို့နယ်တောင်ပိုင်းနှင့် ကော့ကရိတ်မြို့နယ်အနောက်ခြမ်းတို့တွင် မူးယစ်ဆေးဝါးဖြန့်ဖြူးခြင်းနှင့် လောင်းကစားဝိုင်းတို့ကို ဦးစီးလုပ်ကိုင်ခွင့်ရရှိထားသည့် ပြည်သူ့စစ်ခေါင်းဆောင်ဖြစ်ကြောင်း သိရသည်။
ကော့ဘိန်းကျေးရွာသားတစ်ဦးက “မနက်က ကော့တုံမှ မွန်ပြည်သူ့စစ် မွန်ငြိမ်းချမ်းကာကွယ်ရေးအဖွဲ့ ခေါင်းဆောင် နိုင်အိုက်ချမ်း ပေါ်ကြူကုန်းရွာမှ ကော့ဘိန်းသို့ ကားနဲ့ အလာ လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က ပစ်သတ်သွားတာ ပွဲချင်းပြီးသေတယ်၊ ခေါင်းပါကြေမွလို့၊ သူ့တပည့်ဖိုးတုတ်လည်း သေတယ်” ဟု ပြောသည်။
မော်တော်ကားတစ်စီးကို မောင်းနှင်လာသော နိုင်အိုက်ချမ်းနှင့် တပည့်ဖြစ်သူ ဖိုးတုတ်တို့နှစ်ဦးကို ရှင်းလင်းပစ်ခတ်ခဲ့ကြောင်း မွန်တော်လှန်ရေးအဖွဲ့အစည်းတစ်ခုမှ အမည်မဖော်လိုသော ခေါင်းဆောင်တစ်ဦးက အတည်ပြုပြောကြားသည်။
ကော့ဘိန်းတိုက်နယ်ဒေသတဝိုက်တွင် မွန်ပြည်သစ်ပါတီ(စစ်အာဏာရှင်တိုက်ဖျက်ရေးအဖွဲ့) NMSP(AD) နှင့် မွန်ပြည်လွတ်မြောက်ရေးတပ်တော် (MLA) တို့ ပူးတွဲလှုပ်ရှားလျက်ရှိကြောင်း သိရသည်။