ကရင်ပြည်နယ်၊ မြဝတီမြို့နယ်အတွင်းရှိ ကျားဖြန့်အွန်လိုင်းငွေလိမ်လုပ်ငန်းများမှ သိမ်းဆည်းထားသည့် ကွန်ပျူတာ၊ ဖုန်းနှင့် နည်းပညာပစ္စည်းများကို တရုတ်နိုင်ငံသို့ လွှဲပြောင်းပေးရန် ကရင်နယ်ခြားစောင့်တပ် (BGF) က စီစဉ်နေကြောင်း သိရသည်။
BGF ပြောရေးဆိုခွင့်ရှိသူ ဒုဗိုလ်မှူးကြီး နိုင်မောင်ဇော်က “သိမ်းဆည်းရသမျှပစ္စည်းတွေကို မီးရှို့ဖျက်ဆီးဖို့ စီစဉ်ထားခဲ့ပေမယ့် တရုတ်အစိုးရက သူတို့ဆီ ပြန်လွှဲပေးဖို့ တောင်းဆိုလာတာကြောင့် အစီအစဉ်ပြောင်းလိုက်ရတာ” ဟု ရှင်းပြသည်။
ထို့အပြင် သိမ်းဆည်းထားသော ပစ္စည်းများအား ခြေရာလက်ရာမပျက်စေဘဲ လွှဲပြောင်းရန် တရုတ်ဘက်က တင်းကျပ်စွာ တောင်းဆိုထားပြီး BGF အနေဖြင့် ပစ္စည်းများထဲရှိ အချက်အလက်များကို ဝင်ရောက်စစ်ဆေးခြင်း မပြုလုပ်ကြောင်း၊ လက်ရှိတွင် ပစ္စည်းများအား သေချာထုပ်ပိုးကာ အချိန်မရွေး ပို့နိုင်ရန် စီစဉ်နေပြီး လွှဲပြောင်းမည့်အချိန်ကိုမူ အတိအကျ သတ်မှတ်ထားခြင်း မရှိသေးကြောင်း ၄င်းက ပြောဆိုသည်။
BGF က သူ၏ထိန်းချုပ်နယ်မြေဖြစ်သော ရွှေက္ကိုမြို့သစ်၊ မြဝတီမြို့၊ KK Park နှင့် မယ်ထော်သလေးဒေသရှိ ကျားဖြန့်အလုပ်ဆိုက်များကို ဖေဖော်ဝါရီ ၁၄ ရက်ကစတင်၍ စီးနင်းစစ်ဆေးခဲ့ပြီး နိုင်ငံခြားသားများအား ကယ်တင်ခဲ့သည်။
ထိုသို့စစ်ဆေးစဉ် ဂိုဏ်းသားများ အသုံးပြုခဲ့သည့် ကွန်ပျူတာ၊ ဖုန်း၊ အင်တာနက်ပစ္စည်းများနှင့် အခြားဆက်စပ်ပစ္စည်းများကို သိမ်းဆည်းခဲ့ကြောင်း BGF က ထုတ်ပြန်ခဲ့သည်။
ယခုလွှဲပြောင်းမည့် ပစ္စည်းများကို ရွှေက္ကိုမြို့သစ်ရှိ နေရာ ၄ ခု၊ မြဝတီ၊ KK Park နှင့် မယ်ထော်သလေးဒေသများတွင် ခွဲထားပြီး တစ်နေရာလျှင် ပစ္စည်းအရေအတွက် ထောင်နှင့်ချီ၍ ရှိသည်ဟု သိရသည်။
ယင်းသတင်းသည် တရုတ်နိုင်ငံအပါအဝင် နိုင်ငံတကာက မြန်မာ့ဒေသအချို့တွင် စည်းမဲ့ကမ်းမဲ့ဖွံ့ဖြိုးနေသော အွန်လိုင်းလိမ်လုပ်ငန်းများကို ပိုမိုတင်းကြပ်စွာ ထိန်းချုပ်လိုမှုနှင့် ဆက်စပ်နေသည်ဟု လေ့လာသူများက သုံးသပ်သည်။


