ထိုင်းနိုင်ငံ၌ လတ်တလောအတွင်း မြန်မာရွှေ့ပြောင်းအလုပ်သမား တစ်သောင်းနီးပါး ဖမ်းဆီးခံခဲ့ရကြောင်း မြန်မာအလုပ်သမားအရေး ကူညီသူများက ထုတ်ဖော်ပြောဆိုလိုက်သည်။
ထိုင်းအာဏာပိုင်များသည် ဖေဖော်ဝါရီလလယ်မှစတင်၍ တရားမဝင်နေထိုင်သည့် နိုင်ငံခြားသားများအား နေ့စဉ်စစ်ဆေးဖမ်းဆီးမှုများ ပြုလုပ်နေခြင်းကြောင့် မြန်မာများ အများဆုံးထိခိုက်နေရသည်ဟု ဆိုသည်။
ထိုင်းရဲချုပ် ကစ်ရတ်ပန်ဖက်မှ ဖေဖော်ဝါရီ ၁၇ ရက်တွင် ထုတ်ပြန်ခဲ့သော အရေးပေါ်အမိန့်အရ နိုင်ငံခြားသားများအား စောင့်ကြည့်ဖမ်းဆီးမှုများ စတင်ခဲ့ပြီး၊ ဖေဖော်ဝါရီ ၁၈ မှ ၂၄ ရက်အတွင်း ၇ ရက်စီမံကိန်းအဖြစ် နိုင်ငံခြားသား ၉,၅၀၀ ကျော်ကို ဖမ်းဆီးခဲ့သည်။ ယင်းထဲတွင် မြန်မာအလုပ်သမား ငါးထောင်နီးပါးပါဝင်ခဲ့ပြီး၊ ယခုအခါ စုစုပေါင်း မြန်မာတစ်သောင်းခန့် ဖမ်းဆီးခံနေရသည်ဟု ခန့်မှန်းရသည်။
ထို့ကြောင့် မြန်မာအလုပ်သမားအနေဖြင့် အောက်လမ်းဟုခေါ်သော နယ်စပ်ပွဲစားများမှတစ်ဆင့် ထိုင်းသို့မလာရန်နှင့် တရားမဝင်လမ်းကြောင်းများဖြင့် ဝင်ရောက်ပါက အလုပ်လည်းရှားပြီး ဖမ်းဆီးခံရနိုင်ခြေ မြင့်မားသည်ဟု အလုပ်သမားအရေးလှုပ်ရှားသူများက ပြောသည်။
မြန်မာနိုင်ငံတွင် စစ်ကောင်စီမှ စစ်မှုထမ်းဥပဒေအား အတင်းအကျပ်အသက်သွင်းမှုကြောင့် လူငယ်များ နိုင်ငံခြားသို့ နည်းလမ်းအမျိုးမျိုးဖြင့် ထွက်ပြေးလာကြသလို ထိုင်းနယ်စပ်ရှိ အွန်လိုင်းငွေလိမ်ဂိုဏ်းများအား နှိမ်နင်းရန် ထိုင်းအစိုးရ၏ ပူးပေါင်းစစ်ဆေးမှုများနှင့်အတူ နေအိမ်များအထိ ဝင်ရောက်စစ်ဆေးလာခြင်းကြောင့် အဖမ်းအဆီးများ နေ့စဥ်ဖြစ်ပေါ်လျက်ရှိသည်။
ယခင်က နယ်စပ်ဖြတ်ကျော်ဝင်သူများ၊ ဈေးဆိုင်စစ်ဆေးမှုများသာ ရှိခဲ့သော်လည်း ယခုအခါ အိမ်တွင်းအထိ ဝင်ရောက်စစ်ဆေးကာ တရားမဝင်နေထိုင်သူများအား နေ့စဉ်ဖမ်းဆီးလျက်ရှိနေပြီး ထိုင်း-မြန်မာနယ်စပ်တစ်လျှောက် လုံခြုံရေးတင်းကျပ်မှုများကြောင့် မြန်မာနိုင်ငံသားများ အဓိကထိခိုက်နေရသည်ဟု သိရသည်။
ဤဖမ်းဆီးမှုဖြစ်စဉ်သည် ထိုင်းနိုင်ငံ၏ လူဝင်မှုထိန်းချုပ်ရေးနှင့် မှောင်ခိုလုပ်ငန်းများအား တိုက်ဖျက်ရေး ကြိုးပမ်းမှုများနှင့်အတူ ဆက်စပ်လျက်ရှိပြီး၊ မြန်မာနိုင်ငံသားများ အရေးပေါ်အခြေအနေတွင် ရှိနေကြောင်း သိရသည်။

