ကျားဖြန့်နှိမ်နင်းရေး အကြောင်းပြ စစ်ကြောင်းထိုးမှုနှင့် ထားဝယ်ဆိပ်ကမ်းစီမံကိန်း နယ်မြေရှင်းလင်းရေးတို့တွင် စစ်ကောင်စီ၏ လေကြောင်း-မြေပြင် တိုက်ခိုက်မှုများကြောင့် ကရင်-တနင်္သာရီ စစ်မြေပြင်တွင် တိုက်ပွဲများ နေ့စဥ် ပြင်းထန်နေကြောင်း သတင်းရရှိသည်။
တောင်ပိုင်းတိုင်းစစ်ဒေသ (ကရင်ပြည်နယ်နှင့် တနင်္သာရီတိုင်း) တွင် စစ်ကောင်စီတပ်များက ယခုနှစ်အစပိုင်းမှစ၍ လေကြောင်း၊ လက်နက်ကြီး၊ ဒရုန်းများဖြင့် နေ့စဉ်ဗုံးကြဲတိုက်ခိုက်နေပြီး မြေပြင်စစ်ကြောင်းများ ထိုးစစ်ဆင်လျက်ရှိသည်။
စစ်ကောင်စီသည် ကျားဖြန့်နှိမ်နင်းရေး အမည်ခံ၍ ကာကွယ်ရေးတပ်များကို ချေမှုန်းရန် ကြိုးပမ်းနေပြီး ကရင်ပြည်နယ်သို့ စစ်အင်အားနှင့် ဒရုန်းများ ဆက်တိုက်စေလွှတ်နေသလို စစ်ကောင်စီသည် လက်လွှတ်ဆုံးရှုံးခဲ့ရသော နယ်မြေများနှင့် ကုန်သွယ်ရေးလမ်းကြောင်းများ ပြန်လည်ထိန်းချုပ်ရန် ကြိုးပမ်းနေခြင်းကြောင့် တိုက်ပွဲများ နေ့စဉ်ဖြစ်ပွားနေသည်။
KNU ပြောခွင့်ရ ပဒိုစောတောနီးက “တပ်မဟာ ၇ ခုလုံးမှာ တိုက်ပွဲတွေ ဖြစ်နေပါတယ်။ စစ်တောင်းမြစ်အနောက်ဘက်ကမ်း၊ မောတောင်လမ်းမကြီး၊ အာရှလမ်းမတို့မှာ စစ်ကောင်စီက ထိန်းချုပ်ရေး ကြိုးစားနေတယ်။ ဘယ်လောက်ထိ ပြင်းထန်ဦးမလဲ မသိနိုင်ပါ”ဟု ဆိုသည်။
ကရင်အမျိုးသားအစည်းအရုံး (KNU) နှင့် ပူးပေါင်း PDF ကာကွယ်ရေးတပ်များက “တိုက်ပွဲဧရိယာအပြင် ကျေးရွာများကိုပါ ဗုံးကြဲခံရပြီး အိမ်ရာတစ်ရာကျော် ပျက်စီးခဲ့သည်” ဟု ပြောသည်။
ဖေဖော်ဝါရီ ၂၇ ရက်ကစပြီး ဘားအံခရိုင်၊ လှိုင်းဘွဲ့မြို့နယ် အနီးရှိ စစ်ကောင်စီ၏ ပူလူတူတပ်စခန်းကို KNLA ပူးပေါင်းတပ်များက တိုက်ခိုက်နေစဉ် စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲမှုကြောင့် ကျေးရွာ ၄ ရွာမှ ဒုက္ခသည် ၄၀၀ ကျော် ထိုင်းနယ်စပ်သို့ ထွက်ပြေးခဲ့ရသည်။
ဒုက္ခသည်တစ်ဦးက “လမ်းပန်းဆက်သွယ်ရေး ခက်ခဲပြီး အကူအညီများ မရောက်နိုင်ပါ။ ဖြတ်လမ်းကသာ သွားရသည်” ဟု ပြောသည်။
အလားတူ တနင်္သာရီတိုင်းတွင် ထားဝယ်ရေနက်ဆိပ်ကမ်း စီပွားရေးဇုန် အကောင်အထည်ဖော်ရန် နယ်မြေရှင်းလင်းရေးအကြောင်းပြကာ စစ်ကောင်စီက စစ်အင်အား ဖြည့်တင်းလျက်ရှိသည်။
ထားဝယ်မှ ဒုက္ခသည်တစ်ဦးက “ဗုံးကြဲမှုကို ဘယ်အချိန်မှာ ခံရမလဲ စိုးရိမ်နေရတာပဲ” ဟု ဖွင့်ဟသည်။
FE5 Tanintharyi အဖွဲ့၏ ထုတ်ပြန်ချက်အရ ၂၀၂၄ ခုနှစ်တွင် ဒုက္ခသည် ၇၇,၂၀၀ ဦး ထွက်ပြေးနေရပြီး လေကြောင်းတိုက်ခိုက်မှုများ ပိုမိုများပြားလာသည်။
ပြည်သူ့ကာကွယ်ရေး PDF တပ်ဖွဲ့ဝင်တစ်ဦးက “ထားဝယ်ဆိပ်ကမ်းစီမံကိန်းအတွက် နယ်မြေရှင်းလင်းနေခြင်းဖြစ်သည်” ဟု ဝေဖန်သည်။







