ကောင်းဝါ၊ ၂၀၂၃ ဇူလိုင် (၁၃)
မိုင်းခွဲဖျက်ဆီးခံခဲ့ရသည့် ရန်ကုန် – မော်လမြိုင် အမှတ်(၈) အဝေးပြေးကားလမ်းမကြီး၏ သထုံမြို့နယ် နှင့် ဘီးလင်းမြို့နယ်ကြားရှိ ကျုံအိတ်တံတား ယာယီဘေလီတံတားပြုလုပ်နေသည့် လုပ်ငန်းခွင်အနီး လုံခြုံရေးတပ်ဖွဲ့ဝင်များရှိနေသည့်နေရာအား မကြာခဏတိုက်ခိုက်ခံနေရသည်မှာ မြန်မာစစ်တပ်အနေဖြင့် လုံခြုံရေးပေးနိုင်သည့် အင်အားလုံလောက်မှု အနေအထားမရှိတော့ကြောင်း စစ်ရေးလေ့လာသူတစ်ဦးက ကောင်းဝါသို့ ပြောသည်။
“တံတားနေရာမှာပဲ မဖြစ်စလောက်အင်အားနဲ့ လုံခြုံရေးပေးထားတော့ နေ့တိုင်းအပစ်အခတ်ခံနေရတာပဲ ဖြစ်နေမှာပေါ့၊ ဘေးနားက ကာကင်းသဘော ဖြန့်ထုတ်နိုင်လောက်တဲ့အင်အားမရှိတော့ စည်းရိုးပေါက်နေတဲ့ခြံ ပစ်ချင်တဲ့အချိန်လာပစ်လို့ရနေတာပေါ့၊ အလုပ်သမားတွေရော လုံခြုံရေးတွေရော ကံဆိုးတာပဲ ဘယ်အချိန်ကိုယ့်အလှည့်ရောက်မှန်းမသိဘူး ကျည်ဆံက အချိန်မရွေးရောက်လာနိုင်တယ်၊ လုံခြုံရေးမပေးနိုင်ဘဲ ဖြစ်သလိုလုပ်နေကြတာ” ဟု စစ်ရေးလေ့လာနေသူ တပ်ထွက်အရာရှိဟောင်းတစ်ဦးက ပြောသည်။
ယမန်နေ့ ဇူလိုင်လ (၁၂) ရက် မွန်းလွဲပိုင်း အချိန်က ကျုံအိတ်တံတားအား ယာယီဘေလီတံတား လုပ်ငန်းခွင်အနီးရှိ PTT စက်သုံးဆီအရောင်းဆိုင်ဟောင်း နေရာတွင်ရှိနေသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များအား ၄၀ မမ ဗုံးသီးဖြင့် (၆)!လုံးခန့် ပစ်ခတ်တိုက်ခိုက်ခံခဲ့ရကြောင်း လုံခြုံရေးတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးက ပြောကြားသည်။
၎င်းက ဆက်လက်ပြီး “ဗုံးသီးတွေက PTT စက်သုံးဆီဆိုင်အဟောင်း နဲ့ ကိုက် (၁၀၀) လောက်မှာကျရောက်ပေါက်ကွဲခဲ့လို့ ထိခိုက်ဒဏ်ရာရသူမရှိဘူးလို့ သိရတယ်” ဟု ပြောကြားသည်။
ပြီးခဲ့သည့် ဇူလိုင်လ (၉) ရက် နံနက်ပိုင်းက ရန်ကုန် – မော်လမြိုင် ကားလမ်း သထုံမြိူ့နယ် နှင့် ဘီးလင်းမြို့နယ်ကြားရှိ မိုင်းခွဲဖျက်ဆီးခံခဲ့ရသည့် ကျုံအိတ်တံတားအား ယာယီဘေလီတံတားပြုလုပ်နေသည့် ညလုပ်ငန်းခွင်အတွင်းသို့ Drop Bomb ချတိုက်ခိုက်ခဲ့ရာ အရပ်သား သားအမိနှစ်ဦး ဗုံးစထိမှန်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။
အလားတူ ဇူလိုင်လ (၈) ရက် မွန်းလွဲ (၃) နာရီအချိန်ခန့်ကလည်း ကျုံအိတ်တံတား ယာယီဘေလီတံတားပြုလုပ်နေသည့် လုပ်ငန်းခွင်အား Drop Bomb (၃) လုံး ချကာ တိုက်ခိုက်ခံခဲ့ရသေးကြောင်း နှင့် လူထိခိုက်မှုမရှိကြောင်း သိရသည်။
ထို့အတူ ဇူလိုင်လ (၇) ရက် နံနက် (၆) နာရီအချိန်ခန့်ကလည်း အဆိုပါ ကျုံအိတ်တံတားယာယီဘေလီတံတားပြုလုပ်နေသည့် လုပ်ငန်းခွင်အား Drop Bomb ချတိုက်ခိုက်ခံခဲ့သည့်အတွက် လုံခြုံရေးတပ်ဖွဲ့ဝင်တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် ဇွန်လ (၂၉) ရက် နံနက် (၄) နာရီခွဲအချိန်ခန့်က သထုံမြို့နယ် နှင့် ဘီးလင်းမြို့နယ်ကြား ရန်ကုန် – မော်လမြိုင် ကားလမ်း မိုင်တိုင်အမှတ် (၁၃၁/၆) နှင့် (၁၃၁/၇) ကြားရှိ တံတားအမှတ် (၁၃၂/၃) ကျုံအိတ်တံတား အား KNU တပ်မဟာ (၁) ၊ တပ်ရင်း (၂) မှ KNLA/PDF ပူးပေါင်းတပ်ဖွဲ့က မိုင်းခွဲဖျက်ဆီးခဲ့ကြောင်း၊ တံတားမိုင်းခွဲခံရသည့်အတွက် တံတားကျိုးကျချိန်တွင် အိမ်စီးကား သုံးစီးပျက်ဆီးခဲ့ရာ နှစ်စီးမှာ ချောင်းအတွင်းပြုတ်ကျပျက်ဆီးခဲ့ပြီး အမျိုးသားတစ်ဦးသေဆုံးခဲ့ပြီး တစ်ဦးထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။
ထို့နောက် ဇွန်လ (၂၉) ရက် နံနက် (၆) နာရီဝန်းကျင်အချိန်ခန့်တွင် မိုင်းခွဲခံရပြီးနောက် ထိခိုက်ပျက်ဆီးခဲ့သည့် ကျုံအိတ်တံတားအား စစ်ဆေးရန်လာရောက်ခဲ့သည့် လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ ထပ်မံတိုက်ခိုက်ခံရပြီး သထုံခရိုင်လမ်းဦးစီးမှူး တစ်ဦးသေဆုံးကာ (၂၈) ဦးထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။