ကောင်းဝါ ၂၀၂၃ ဇူလိုင် (၁၀)
မြန်မာ့နိုင်ငံရေးပြဿနာများအဆုံးသတ်နိုင်ရေး တွေ့ဆုံဆွေးနွေးမှုပြုလုပ်ကြရန် ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်းခဲ့ကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဒွန်ပရာဝီနိုင်းက ထုတ်ဖော်ပြောကြားလိုက်သည်။
ဆက်လက်ကျင်းပနေသည့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးခေတ္တ ရပ်နားချိန်တွင် သတင်းထောက်များအား ထိုင်းနိုင်ငံခြားရေးဝန်ကြီး ပြောဆိုခဲ့ခြင်းဖြစ်သည်။
၎င်းက ” ကျွန်တော်တို့ဟာ မြန်မာနိုင်ငံရေးအခက်အခဲနဲ့ပတ်သက်ပြီးအဖြေရှာဖို့ ကြိုးပမ်းခဲ့တယ်။ အချိန် ၂ နှစ်ကျော်ကြာပြီးချိန်မှာတော့ မြန်မာ့နိုင်ငံရေး အဖြေရှာမှု ကြိုးပမ်းတာတွေ တိုးတက်လာပါတယ်။ ကျွန်တော်ဟာ ဇူလိုင် ၉ ရက်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တစ်နာရီကျော်ကြာ တွေ့ဆုံဆွေးနွေးခဲ့တယ်။ တွေ့ဆုံဆွေးနွေးမှုတွေလုပ်ကြဖို့ ဒေါ်အောင်ဆန်းစုကြည် အားပေးခဲ့တယ်။ အပေါင်း လက္ခဏာဆောင်တဲ့လားရာကို ဦးတည်ဖို့ အလားလာများနေတယ်”ဟု ဆိုသည်။
ထို့အတူ ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် စိတ်ပိုင်းရော ရုပ်ပိုင်းပါ နှစ်မျိုးစလုံး ကျန်းမာလျက်ရှိပြီး အချိန်တစ်နာရီကျော်ခန့်ကြာမြင့်သော သူမနှင့် private meeting သီးသန့်တွေ့ဆုံဆွေးနွေးခဲ့ကြရာတွင် ကောင်းမွန်သည့် တွေ့ဆုံဆွေးနွေးမှုဖြစ်ခဲ့သည်ဟုလည်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ဆက်ပြောသည်။
လက်ရှိအင်ဒိုနီးရှားနိုင်ငံ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကို မတက်ရောက်ခင် နေပြည်တော်အချုပ်ထောင်၌ ဒေါ်အောင်ဆန်းစုကြည်အား ဝန်ကြီးဒွန်ပရာဝီနိုင်း သွားရောက်တွေ့ဆုံဆွေးနွေးခဲ့ခြင်း ဖြစ်သည်။
မြန်မာ့အရေးအလွတ်သဘောတွေ့ဆုံဆွေးနွေးပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပပေးခဲ့သော လက်ရှိထိုင်းနိုင်ငံအစိုးရကို နစကစစ်ကောင်စီနှင့် နီးစပ်မှုရှိနေသည်ဟု အများကရှုမြင်နေသောကြောင့် အဆိုပါ အလွတ်သဘောတွေ့ဆုံဆွေးနွေးပွဲကို စင်ကာပူ၊ မလေးရှားနှင့် အင်ဒိုနိးရှားနိုင်ငံတို့ တက်ရောက်ခြင်းမရှိခဲ့ပေ။