သံဖြူဇရပ်မြို့၊ ဓမ္မရာမရွှေကျင်ကျောင်းတိုက်ဆရာတော် ဦးဓမ္မရက္ခိတာလကႅာရအား နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်ဆရာတော် (မွန်ပြည်နယ်ကိုယ်စားလှယ်) အဖြစ် ၂၀၂၅ ခုနှစ် မတ်လ ၂ ရက်မှ ၄ ရက်နေ့အထိ ကျင်းပပြီးစီးခဲ့သည့် အဌမအကြိမ် နိုင်ငံတော်ဗဟိုသံဃဝန်ဆောင် သတ္တမအစည်းအဝေးနှင့် နဝမအကြိမ် ပထမအစည်းအဝေးတို့တွင် ရွေးချယ်တင်မြှောက်ခံခဲ့ရသည်။
နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ကို သာသနာရေးဝန်ကြီးဌာနမှ ခန့်အပ်သည့် ဥက္ကဋ္ဌဆရာတော် ၁ ပါး၊ ဒုတိယဥက္ကဋ္ဌ ၆ ပါး၊ အထွေထွေအတွင်းရေးမှူး ၁ ပါး၊ တွဲဖက်အတွင်းရေးမှူး ၆ ပါး၊ အဖွဲ့ဝင် ၃၃ ပါးတို့ဖြင့် စုစုပေါင်း သံဃာတော် ၄၇ ပါးဖြင့် ဖွဲ့စည်းထားသည်။ ဤအဖွဲ့၏ သက်တမ်းကို ၁၉၉၅ ခုနှစ်မှစတင်၍ ၃ နှစ်အဖြစ် သတ်မှတ်ထားပြီး ယခင်က ငါးနှစ်သက်တမ်းဖြစ်ခဲ့သည်။
နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ကို ၁၉၈၀ ပြည့်နှစ် (မြန်မာသက္ကရာဇ် ၁၃၄၂၊ နယုန်လ) တွင် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ ဥက္ကဋ္ဌ ဦးနေဝင်း၏ ညွှန်ကြားမှုဖြင့် ရန်ကုန်မြို့၊ ကမ္ဘာအေးကုန်းမြေရှိ မဟာပါသဏလိုဏ်ဂူတော်အတွင်း၌ ဂိုဏ်းပေါင်းစုံသံဃာတော် ၁,၂၀၀ ပါးကို ဖိတ်ကြားကာ စတင်ဖွဲ့စည်းခဲ့သည်။
ထိုစဉ်က သံဃာတော် ၁,၂၀၀ ထဲမှ နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်ဆရာတော် ၃၀၀ ပါးကို ရွေးချယ်ခဲ့ပြီး၊ နောက်ပိုင်းတွင် ထိုစာရင်းမှ သံဃမဟာနာယကအဖွဲ့ဝင် ၄၇ ပါးကို ထပ်မံရွေးကာ ရုံးတည်ထောင်ခဲ့သည်။

