ကောင်းဝါ ၂၀၂၃ ဇူလိုင် (၁၂)
ယခုနှစ် ဇန်နဝါရီလမှ ဇွန်လအထိ (၆) လတာကာလ မွန်ပြည်နယ်အတွင်း သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူ (၅၆၀) ဦးရှိခဲ့ပြီး (၂) ဦးသေဆုံးခဲ့ကြောင်း ပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနထံမှ သိရသည်။
လက်ရှိသွေးလွန်တုပ်ကွေးရောဂါသည် မော်လမြိုင်၊ ပေါင်၊ ကျိုက်မရော နှင့် ရေးမြို့နယ်များတွင် ကူးစက်ဖြစ်ပွားမှုနှုန်းများပြားနေကြောင်း ပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
၎င်းက“သေဆုံးသွားသူနှစ်ဦးက ပေါင်မြို့နယ် အလှပ်ကျေးရွာက တစ်ဦးနဲ့ သံဖြူဇရပ်မြို့နယ်က (၄) လသားလေးပါ” ဟု ပြောကြားသည်။
သွေးလွန်တုပ်ကွေးရောဂါနှင့် ပတ်သက်ပြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနအနေဖြင့် ပြည်သူ့လူထုအခြေပြုသည့်စနစ်၊ ကျောင်းအခြေပြုသည့်စနစ်၊ ရောဂါဖြစ်ပွားသည့် ကလေးလူနာတစ်ယောက်တွေ့ရှိပါက စောင့်ရှောက်ရမည့် စနစ် စသည့် စနစ် (၃) မျိုးဖြင့် ဆောင်ရွက်နေပါကြောင်း၊ ထို့အပြင် ရောဂါခံစားနေရသည့် ကလေးများ အသက်အန္တရာယ်စိုးရိမ်ရသည့် လက္ခဏာရှိလာပါကလည်း စောစီးစွာ လွဲပြောင်းနိုင်ရေးအတွက်ကိုလည်း မြို့နယ်တိုင်းရှိ ကျန်းမာရေးဝန်ထမ်းများနှင့် Volunteer အားလုံးကို စည်းရုံးပြီး လုပ်ဆောင်နေပါကြောင်း နှင့် မိဘပြည်သူများအနေဖြင့်လည်း မိမိတို့၏နေအိမ်နှင့် ပိတ်ဝန်းကျင်တွင် ဖုံးသွန်လဲစစ် လုပ်ငန်းများ မကြာဏခလုပ်ဆောင်ပေးခြင်းဖြင့် ရောဂါဖြစ်ပွားမှုအား လျော့ချနိုင်မှာဖြစ်ကြောင်း ၎င်းက ဆိုသည်။
မွန်ပြည်နယ်အတွင်း သွေးလွန်တုပ်ကွေးကူးစက်ရောဂါဖြစ်ပွားမှုနှုန်းများခဲ့သည့်နှစ်များဖြစ်ကြသည့် (၂၀၀၁) ခုနှစ်က သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူ (၃၄၂၂) ဦးရှိခဲ့ပြီး၊ (၅၇) ဦးသေဆုံးခဲ့ကြောင်း၊ (၂၀၁၃) ခုနှစ်ကလည်း ရောဂါဖြစ်ပွားသူ (၃၀၂၈) ဦးရှိခဲ့ပြီး (၂) ဦးသေဆုံးခဲ့ကြောင်း၊ (၂၀၁၅) ခုနှစ်ကလည်း ရောဂါကူးစက်ဖြစ်ပွားသူ (၅၀၀၀) ဦးအထိစံချိန်တင်ဖြစ်ပွားခဲ့ပြီး (၄) ဦးသေဆုံးခဲ့ကြောင်း နှင့် သွေးလွန်တုပ်ကွေးကူးစက်ရောဂါသည် (၁၉၆၅) ခုနှစ်တွင် မြန်မာနိုင်ငံသို့ရောက်ရှိခဲ့ပြီး၊ (၁၉၇၀) ပြည့်နှစ်လွန်မှ စတင်ကာ မွန်ပြည်နယ် မော်လမြိုင်မြို့တွင် စတင်ဖြစ်ပွားခဲ့ကြောင်း ကျန်းမာရေးဦးစီးဌာနရှိ မှတ်တမ်းများအရ သိရသည်။