ထိုင်းနိုင်ငံ၊ ရနောင်းမြို့ရှိ ဆိပ်ကမ်းကို လုပ်ငန်းများ ပိုမိုတွင်ကျယ်စေရန် အခြေခံအဆောက်အအုံများ ထပ်မံဆောက်လုပ်သွားမည်ဟု ထိုင်းနိုင်ငံ ပို့ဆောင်ဆက်သွယ်ရေး ဝန်ကြီးဌာနက စီစဉ်နေသည်။
မြန်မာနိုင်ငံ၊ ကော့သောင်းမြို့၏ တစ်ဘက်ကမ်းရှိ ရနောင်းမြို့တွင် ယခုရက်ပိုင်းအတွင်း သွင်းကုန် နှင့် ထုတ်ကုန် ပမာဏ ပိုမိုများပြားလာသည့်အတွက် ကွန်တိန်နာများ ထားရှိရန် နေရာ၊ ဝန်ချီစက်များ နှင့် ရုံးအဆောက်အဦးများ တိုးချဲ့သွားရန် ထိုင်းနိုင်ငံက စီစဉ်လာခြင်း ဖြစ်သည်။
မြန်မာနိုင်ငံ မြဝတီနှင့် တာချီလိတ်ဒေသတွင်းရှိ ကျားဖြန့် အွန်လိုင်းငွေလိမ်ဂိုဏ်းများကို အကြီးအကျယ် နှိမ်နင်းနေသည့်အချိန်တွင် နယ်မြေ မငြိမ်မသက် ဖြစ်နေချိန်မှာ ရနောင်းဆိပ်ကမ်းမှ ကုန်စည်စီးဆင်းမှု ပိုမိုများပြားလာသည်ဟု ထိုင်းနိုင်ငံ ဒုတိယ ပို့ဆောင်ဆက်သွယ်ရေး ဝန်ကြီး Manaporn Charoensri က ပြောဆိုသည့်သတင်းကို ဘန်ကောက်ပို့စ်သတင်းစာတွင် ယမန်နေ့ (မတ်လ ၉ ရက်) နေ့စွဲဖြင့် ဖော်ပြထားသည်။
မဲဆောက်-မြဝတီနှင့် ချင်းရိုင်-တာချီလိတ် လမ်းကြောင်းမှ ထုတ်ကုန် နှင့် သွင်းကုန်များ ပို့ဆောင်ရာတွင် ကုန်းလမ်းကို အသုံးပြုနေသော်လည်း ယခုအခါ ရနောင်း ရေကြောင်းလမ်းမှ ပြောင်းလဲတင်ပို့နေသည်ဟု Charoensri က ဆိုသည်။ ထိုင်းနိုင်ငံ တောင်ပိုင်း သယ်ယူပို့ဆောင်ရေး လုပ်ငန်းအတွက် ရနောင်းဆိပ်ကမ်းသည် အရေးပါလာနိုင်ပြီး ကပ္ပလီပင်လယ် ကမ်းရိုးတန်း တစ်လျှောက် လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာနိုင်သည့် အခွင့်အလမ်းကောင်း ဖြစ်သည်ဟု ဆိုသည်။
ရနောင်းဆိပ်ကမ်း အာဏာပိုင်အဖွဲ့၏ ညွှန်ကြားရေးမှူး Kriengkrai Chaisiriwongsuk က ဇန်နဝါရီလ ၂၀၂၄ ခုနှစ်မှ စတင်၍ အထူးသဖြင့် တိရစ္ဆာန်အစာဖြစ်သော ပြောင်းဆံခြောက်နှင့် ဘိလပ်မြေ အပါအဝင် သွင်းကုန် နှင့် ထုတ်ကုန် ပမာဏ များပြားလာသည်ဟု ပြောသည်။
အောက်တိုဘာလ ၂၀၂၃ မှ စက်တင်ဘာလ ၂၀၂၄ ခုနှစ်အတွင်း ကုန်တင်သင်္ဘော ၂၈၁ စင်း ရနောင်းဆိပ်ကမ်းသို့ ဆိုက်ကပ်ခဲ့ပြီး ယခင်နှစ်ထက် ၆၉ ရာခိုင်နှုန်း ပိုမိုများပြားလာသည်။ ၂၀၂၅ ခုနှစ် ပထမလပတ်အတွင်း ကုန်တင်သင်္ဘော ၆၁ စင်း ဆိုက်ကပ်ခဲ့ပြီး ယခင်နှစ်ထက် ၉၁ ရာခိုင်နှုန်း ပိုမိုများပြားလာသည်။
ရနောင်းဆိပ်ကမ်းသည် ထိုင်းနိုင်ငံ တောင်ပိုင်း၊ မြန်မာနိုင်ငံနှင့် နယ်နိမိတ်ချင်းထိစပ်နေသော ဒေသတွင် တည်ရှိသည်။ ဤဆိပ်ကမ်းသည် ထိုင်းနိုင်ငံ၏ အဓိက ပင်လယ်ဆိပ်ကမ်းများထဲမှ တစ်ခုဖြစ်ပြီး ကုန်သွယ်ရေးနှင့် သယ်ယူပို့ဆောင်ရေး လုပ်ငန်းများအတွက် အရေးပါသော နေရာတစ်ခု ဖြစ်သည်။
မြန်မာနိုင်ငံနှင့် နယ်စပ်ကုန်သွယ်မှုများအတွက် အဓိက စခန်းတစ်ခုအဖြစ် ဆောင်ရွက်နေပြီး နိုင်ငံတကာ ကုန်သွယ်မှုများအတွက်လည်း အရေးပါသော ဆိပ်ကမ်းတစ်ခု ဖြစ်သည်။