ကောင်းဝါ ၂၀၂၃ ဇူလိုင် (၁၂)
KNU ကရင်အမျိုးသားအစည်းအရုံး (ကျိုက်ထိုမြို့နယ်) မှ ၎င်းတို့စိုးမိုးရာဒေသများအတွင်းရှိ အခြေခံပညာစာသင်ကျောင်းများ ဖွင့်လှစ်သင်ကြားခြင်းမပြုရန် အသိပေးစာထုတ်ပြန်ထားသည့်အတွက် ကျိုက်ထိုမြို့နယ်အတွင်းရှိ စာသင်ကျောင်း (၂) ကျောင်း ယာယီပိတ်ခွင့်ပြုရန် မြို့နယ်ပညာရေးမှူးရုံးမှ ပြည်နယ်ပညာရေးမှူးရုံးသို့ တင်ပြထားကြောင်း ပညာရေဌာနနှင့် နီးစပ်သူများထံမှ သိရသည်။
ပြီးခဲ့သည့် ဇူလိုင်လ (၁၀) ရက် ညနေပိုင်းက KNU ကရင်အမျိုးသားအစည်းအရုံး (ကျိုက်ထိုမြို့နယ်) ဥက္ကဌဖြစ်သူ စောမူလား နှင့်အဖွဲတို့မှ ၎င်းတို့စိုးမိုးရာနယ်မြေများဖြစ်သော ကျိုက်ထိုမြို့နယ် ကျူချောင်ကျေးရွာရှိ အ.ထ.က (ကျူချောင်) နှင့် ကျွန်းတောကျေးရွာရှိ မူလွန် (ကျွန်းတော) တို့အား ဖွင့်လှစ်ခြင်းမပြုရန် ကျောင်းအုပ်ဆရာမကြီးများထံ စာဖြင့်လာရောက်ပေးအပ်ခဲ့ကြောင်း ကျိုက်ထိုမြို့နယ် ပညာရေးဦးစီးဌာနရုံးနှင့် နီးစပ်သူတစ်ဦးက ပြောကြားသည်။
မွန်ပြည်နယ်ပညာရေးမှူးရုံး နှင့် နီးစပ်သူတစ်ဦးက “ကျိုက်ထိုမြို့နယ်မှာရှိတဲ့ အ.ထ.က (ကျူချောင်) နဲ့ မူလွန် (ကျွန်းတော) ကျောင်းနှစ်ကျောင်းကို မနေ့က (ဇူလိုင်လ (၁၁) ရက်) စပြီးတော့ ယာယီပိတ်ခွင့်ပြုဖို့ ကျိုက်ထိုမြို့နယ်ပညာရေးမှူးရုံးကနေ မွန်ပြည်နယ်ပညာရေးမှူးရုံးကို ဇူလိုင်လ (၁၁) ရက် က အစီရင်ခံစာတင်ပြထားတာရှိတယ်လို့ သိရတယ်” ဟု ဆိုသည်။
၎င်းကဆက်လက်ပြီး ထိုအခြေအနေနှင့် ပတ်သက်ပြီး သက်ဆိုင်ရာကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ကျောင်းအကျိုးတော်ဆောင်များကလည်း လုံခြုံရေးနှင့် ပတ်သက်သည့် တာဝန်မယူနိုင်သောကြောင့် (၂၀၂၃ – ၂၄) ပညာသင်နှစ်တွင် နယ်မြေလုံခြုံရေးအခြေအနေအရ ကျောင်းဖွင့်လှစ်ရန် အခက်အခဲရှိနေပါသဖြင့် ကျောင်းယာယီပိတ်ခွင့်ပြုပါရန် သက်ဆိုင်ရာကျောင်းအုပ်ကြီးများမှ မြို့နယ်ပညာရေးမှူးရုံးသို့ ဇွန်လ (၁၀) ရက် တင်ပြလာခဲ့ခြင်းဖြစ်ကြောင်း ပြောကြားသည်။
လက်ရှိအချိန်တွင်လည်း ကျိုက်ထိုမြို့နယ် ကျူချောင်ကျေးရွာရှိ အ.ထ.က (ကျူချောင်) ကျောင်းအားပိတ်ထားကြောင်း နှင့် ဆရာ/ဆရာမများလည်း ကျိုက်ထိုမြို့ပေါ်သို့ ပြောင်းရွေ့သွားကြကြောင်း ဒေသခံတစ်ဦးက ပြောကြားသည်။
“အ.ထ.က ကျူချောင်ကျောင်းက မနေ့ (ဇူလိုင်လ (၁၁) ရက်) ကစပြီးပိတ်ထားတယ်။ KNU ကစာထုတ်ထားတယ်ဆိုတော့ ကျောင်းသား/ကျောင်းသူတွေလည်း ကျောင်းမသွားရဲကြဘူး။ ဆရာ/ဆရာမတွေလည်း ကျိုက်ထိုကို ရွေ့ပြောင်းနေကြတယ်လို့ သိရတယ်” ဟု ၎င်းဒေသခံက ဆက်လက်ပြောကြားသည်။
သို့ရာတွင် ကျိုက်ထိုမြို့ပေါ်ရှိ အခြေခံပညာကျောင်းများနှင့် ပုဂ္ဂလိက ကိုယ်ပိုင်အထက်တန်းကျောင်းများသာဖွင့်လှစ်ထားကြောင်း မြို့ခံများထံမှ သိရသည်။
ကျိုက်ထိုမြို့နယ် ကျူချောင်ကျေးရွာရှိ အခြေခံပညာအထက်တန်းကျောင်း (ကျူချောင်) တွင် ကျောင်းအုပ်ဆရာမကြီးအပါအဝင် ဆရာ/ဆရာမ (၂၇) ဦး၊ အထက်တန်းကျောင်းသား/ကျောင်းသူ (၁၆၈) ဦး၊ အလယ်တန်းကျောင်းသား/သူ (၁၆၉) ဦး နှင့် မူလတန်းကျောင်းသား/ကျောင်းသူ (၁၇၆) ဦး၊ ကျောင်းသား/သူ စုစုပေါင်း (၅၁၃) ဦးရှိကြောင်း၊ ကျိုက်ထိုမြို့နယ် ကျွန်းတောကျေးရွာရှိ အခြေခံပညာမူလတန်းလွန်ကျောင်း (ကျွန်းတော) တွင် ကျောင်းအုပ်ဆရာမကြီးအပါအဝင် ဆရာ/ဆရာမ (၆) ဦး၊ အလယ်တန်းကျောင်းသား/သူ (၅၁) ဦးနှင့် မူလတန်းကျေင်းသား/သူ (၂၈၈) ဦး၊ ကျောင်းသား/သူ စုစုပေါင်း (၃၃၉) ဦးပညာသင်ကြားလျက်ရှိကြောင်း သိရသည်။