ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့ဘက်မှ ပြည်တွင်းသို့ ဝင်ရောက်လာသည့် ထိုင်းကုန်ပစ္စည်းများ တင်ဆောင်ထားသော ကုန်တင်ယာဉ်များအား ဘားအံမြို့တွင် ဖမ်းဆီးစစ်ဆေးမှုများ လုပ်ဆောင်နေကြောင်း သိရသည်။
မတ်လ ၅ ရက်ကစပြီး မြဝတီမှ ဘားအံသို့ ဆင်းလာသည့် ကုန်တင်ယာဉ်ကြီးနှင့် ယာဉ်ငယ်အားလုံးကို ဘားအံမြို့ရှိ သီရိကွင်းသို့ ပို့လွှတ်ကာ အဖွဲ့စုံဖြင့် စစ်ဆေးနေခြင်းဖြစ်သည်ဟု ဒေသခံကုန်သည်တစ်ဦးက ပြောကြားသည်။
“ပြီးခဲ့တဲ့ရက်ပိုင်းက ဘားအံမြို့နယ်အတွင်းက ဂိုထောင်တွေကို စစ်ဆေးရာမှာ တရားမဝင်နဲ့ ကန့်သတ်ကုန်ပစ္စည်းတွေ တွေ့ရှိခဲ့တယ်။ ဒါကြောင့် မြဝတီကနေ ဆင်းလာတဲ့ ကုန်တင်ကားအားလုံးကို သီရိကွင်းထဲ ထည့်ပြီး အဖွဲ့စုံနဲ့ စစ်ဆေးနေတာ”ဟု ၎င်းက ရှင်းပြသည်။
ယခုအခါ ကုန်ယာဉ်များအား ကုန်ပစ္စည်းနှင့် ယာဉ်အချက်အလက်များ စိစစ်ပြီးမှသာ ပြန်လွှတ်မည်ဖြစ်ကာ သီရိကွင်းအတွင်း ယာဉ်ရာနှင့်ချီ ရပ်နားစေခံနေရဆဲဟု ဆိုသည်။
စစ်ဆေးမှုအရ သီရိကွင်းအတွင်း မော်တော်ယာဉ် ၇၅၂ စီးရှိပြီး ယင်းအနက် လိုင်စင်မဲ့ယာဉ် ၃၅၂ စီးကို တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအဖွဲ့က ဖမ်းဆီးထားကြောင်း စစ်ကောင်စီလော်ဘီများက တယ်လီဂရမ်တွင် ဖော်ပြထားသည်။
မြဝတီမှ ဒေါနတောင်ကျော်လမ်းကြောင်းတစ်လျှောက် ကော့ကရိတ်မြို့အထိ လက်နက်ကိုင်အဖွဲ့များထံ ဂိတ်ကြေးအဆင့်ဆင့် ပေးချေရကြောင်း၊ ကော့ကရိတ်မှ ဘားအံနှင့် ဘားအံမှ ရန်ကုန်အထိ လမ်းတစ်လျှောက်လည်း ငွေကြေးများစွာ ပေးဆောင်ရကြောင်း ကုန်သည်တစ်ဦးက ထောက်ပြသည်။
“ဖမ်းဆီးစစ်ဆေးမှုတွေကြောင့် ကုန်တင်ယာဉ်တွေ ရပ်ဆိုင်းနေရတာ။ နောက်ဆုံး ကုန်ဈေးနှုန်းတွေ တက်လာပြီး စားသုံးသူတွေ ထိခိုက်နေရတယ်”ဟု ၎င်းက ဝေဖန်သည်။
တရားမဝင်ကုန်သွယ်မှုများအား တိုင်ကြားချက်များအရ အရှေ့တောင်တိုင်းစစ်ဌာနချုပ်မှ ဒုတိုင်းမှူးကိုယ်တိုင် ဦးဆောင်ကာ နေပြည်တော်နှင့် ဌာနဆိုင်ရာများပါဝင်သည့် အဖွဲ့ဖြင့် စစ်ဆေးနေခြင်းဖြစ်ကြောင်း ကရင်ပြည်နယ်အစိုးရအဖွဲ့နှင့် နီးစပ်သူတစ်ဦးက ပြောသည်။
လက်ရှိတွင် မြဝတီမှ ဘားအံသို့ ကုန်ယာဉ်များ ဆက်လက်မဝင်ရောက်ဘဲ လမ်းကြောင်းတလျှောက် ရပ်နားစောင့်ဆိုင်းနေကြသည်ဟု သိရသည်။
ဓာတ်ပုံခရက်ဒစ် – CJ