ပုဂ္ဂလိကလုံခြုံရေးဝန်ဆောင်မှုဆိုင်ရာ ဥပဒေအရ မြန်မာနိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံမှုများကိုအကြောင်းပြု၍ တရုတ်နှင့် ရုရှားလုံခြုံရေးတပ်များ မြန်မာပြည်ကို ဝင်ရောက်အခြေချလာနိုင်ကြောင်း စစ်ရေးစောင့်ကြည့်နေသူများက သုံးသပ်ကြသည်။
လက်ရှိတွင် ကျောက်ဖြူရေနက်ဆိပ်ကမ်းသို့ တရုတ်လုံခြုံရေးတပ်များရောက်နေသည့် သတင်းများ ထွက်ပေါ်နေသလို ရုရှားသည် ထားဝယ်ဆိပ်ကမ်းတွင် ရင်နှီးမြှုပ်နှံမှုများ လုပ်မည်ဆိုပါက ရုရှားလုံခြုံရေးတပ်များ ဝင်ရောက်လာနိုင်ကြောင်း တရုတ်-မြန်မာအရေး လေ့လာသုံးသပ်သူ ဒေါက်တာလှကျော်ဇောက သုံးသပ်သည်။
ဒေါက်တာလှကျော်ဇောက “တရုတ်လုံခြုံရေး ကုမ္ပဏီတွေက တရုတ်ရဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို ကာကွယ်ဖို့ဆိုပြီး သွားတတ်တာတွေ ရှိပါ တယ်၊ သူက အာဖရိကတိုက်တို့၊ ပါကစ္စတန်တို့ ဆူဒန်တို့ ဘာတို့မှာလည်း အဲလိုသူ့လုံခြုံရေးတပ်ဖွဲ့ တွေ လွှတ်ထားတာတွေတော့ ရှိပါတယ်၊ အဲတော့ တကယ်လို့ ရုရှားကလည်း ထားဝယ်ဆိပ်ကမ်းလား အဲဒီမှာ ရင်းနှီးမြှုပ်နှံဖို့ လုပ်ဖြစ်မယ်ဆိုရင်တော့ ဖြစ်ကောင်းဖြစ်လာ နိုင်တာပေါ့ဗျာ” ဟု ပြောသည်။
ရုရှားသည် မြန်မာနိုင်ငံတွင် ဆိပ်ကမ်းနှင့် ရေနံချက်စက်ရုံ တည်ဆောက်ရေး အပါအဝင် ထားဝယ် အထူးစီးပွားရေးဇုန်၌ ရင်းနှီးမြှုပ်နှံရန် နစကနှင့် သဘောတူ လက်မှတ်ထိုးခဲ့ကြောင်း ရုရှားစီးပွားရေး ဖွံဖြိုးမှုဝန်ကြီးဌာနက ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၃ ရက်တွင် ထုတ်ပြန်ခဲ့သည်။
အလားတူ စစ်ကောင်စီဥက္ကဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ရုရှားနိုင်ငံသို့ မတ်လ ၃ ရက်မှ စတင်၍သွားရောက်နေပြီး ရုရှားသမ္မတပူတင်၊ ရုရှားဝန်ကြီးချုပ်၊ ရုရှားလုံခြုံရေးကောင်စီ အတွင်းရေးမှူး၊ ရုရှားလွှတ်တော်ဥက္ကဋ္ဌတို့နှင့် သီးခြားစီ တွေ့ဆုံ ဆွေးနွေးပြီးနောက် ရုရှား-မြန်မာ သဘောတူညီချက် ၁၀ ခုအား လက်မှတ်ရေးထိုးခဲ့ကြောင်း နှစ်နိုင်ငံပူးတွဲ ထုတ်ပြန်ခဲ့သည်။
ပုဂ္ဂလိကလုံခြုံရေးဝန်ဆောင်မှုဆိုင်ရာဥပဒေအား ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၁၉ အရ ပြဋ္ဌာန်းလိုက် ကြောင်း နစက-က ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၁၈ ရက်တွင် ထုတ်ပြန်ခဲ့သည်။
ရုရှား-မြန်မာကြား ထားဝယ်ရေနက်ဆိပ်ကမ်း၊ နျူကလီးယား ဓာတ်ပေါင်းဖို စာချုပ်များ ချုပ်ဆိုပြီးဖြစ်ကာ စီးပွားရေးလုပ်မည့်သူများအနေဖြင့် လုံခြုံရေးအတွက် ထည့်တွက်စဥ်းစားရမည်ဖြစ်၍ ရုရှားတပ်များလည်း ပြည်တွင်းသို့ ဝင်ရောက်လာနိုင်ကြောင်း အမျိုးသားဒီမိုကရေစီအင်အားစုပါတီ(NDF) ဒုဥက္ကဋ္ဌ ဦးထက်အောင်ကျော်က ယူဆသည်။
ဦးထက်အောင်ကျော်က “ထားဝယ်ရေနက်ဆိပ်ကမ်းတို့၊ ပြီးတော့ အခုဒီတစ်ခါကလည်း နျူကလီးယား ဓာတ်ပေါင်းဖိုတို့တော့ စာချုပ်ချုပ်လာတယ်လို့တော့ ကြားတာပေါ့နော်၊ ဘာတွေ ထပ်ချုပ်ဦးမလဲ မပြောတတ် သေးဘူး နည်းနည်းလေး ရက်က ရှည်မှာဆိုတဲ့အခါကျတော့ အဲဟာတွေ အတွက်ကတော့ ဘာပဲဖြစ်ဖြစ် ဒီအချိန်မှာ စီးပွားရေး လုပ်မယ့်သူတွေ အကုန်လုံး အနေနဲ့ကတော့ လုံခြုံရေးအတွက်ကိုက စဥ်းစားမှာပဲလေ၊ စဥ်းစားမှာပဲဆိုတော့ ဒီလုံခြုံရေး ဥပဒေလည်း ပြဋ္ဌာန်းပြီးသား ဆိုတဲ့အခါကျတော့ ဖြစ်နိုင်တာပေါ့၊ ရုရှားလည်း ဖြစ်နိုင်တာပဲ၊ တရုတ်လည်း ဖြစ်နိုင်တာပဲ၊ အိန္ဒိယလည်း ဖြစ်နိုင်တာပဲ” ဟု ပြောသည်။
ထို့အပြင် ပုဂ္ဂလိကလုံခြုံရေးဝန်ဆောင်မှုဆိုင်ရာ နည်းဥပဒေထွက်လာမှသာ ရှင်းရှင်းလင်းလင်း သိလာရမည်ဖြစ်ကြောင်း ၄င်းက ဆက်ပြောသည်။
စစ်ကောင်စီ ဥက္ကဋ္ဌ၏ ရုရှားနိုင်ငံချစ်ကြည်ရေးခရီးစဉ်အတွင်း ရုရှားနိုင်ငံသမ္မတအပါအဝင် ရုရှားခေါင်းဆောင်များနှင့်တွေ့ဆုံဆွေးနွေးမှုများပြုလုပ်ခဲ့ရာတွင် အချုပ်အားဖြင့် မြန်မာ-ရုရှား ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်သွားမည်ဖြစ်ပြီး စီးပွားရေး၊ နိုင်ငံရေး၊ လူမှုရေး၊ ကာကွယ်ရေးအားလုံးမြှင့်တင်သွားမည်ဟု သိရသည်။