စံခလပူရီ၊ မတ်လ ၆ ရက် (၂၀၂၅) — ထိုင်းနိုင်ငံ စံခလပူရီမြို့နယ်အနီး စံခလယ်မြစ်အတွင်း၌ မြန်မာနိုင်ငံမှ စစ်မှုထမ်းရန် ရှောင်ပြေးသည့် မြန်မာနိုင်ငံသား ၁၃ ဦးအား တရားမဝင် ဝင်ရောက်မှုဖြင့် ထိုင်းလုံခြုံရေးက ယနေ့နံနက်စောစောပိုင်းတွင် ဖမ်းဆီးခဲ့သည်။
မတ်လ ၆ ရက်နေ့ နံနက်စောစောက စံခလယ်မြစ်အတွင်း လှေဖြင့် မြန်မာနိုင်ငံမှ ထိုင်းနိုင်ငံသို့ တရားမဝင် ဝင်ရောက်လာသည့် မြန်မာအမျိုးသမီး ၁၂ ဦးနှင့် အမျိုးသား ၁ ဦးအား ဖမ်းဆီးနိုင်ခဲ့ကြောင်း ဖမ်းဆီးခံရသူများမှာ မြန်မာနိုင်ငံတွင် စစ်မှုထမ်းရန် ရှောင်ပြေးလာသူများဖြစ်ပြီး ထိုင်းနိုင်ငံအတွင်း အလုပ်လုပ်ကိုင်ရန် ရည်ရွယ်ချက်ဖြင့် နယ်စပ်ကို ဖြတ်ကျော်ဝင်ရောက်လာခြင်းဖြစ်သည်။
လှေမောင်းသူမှာ ဒေသခံဖြစ်သည့် “ဝင်း” (အသက် ၄၉ နှစ်) ဖြစ်ပြီး ဝင်းကကျေးရွာ စံခလယ်မြစ်မှ တစ်ဆင့် မြန်မာအလုပ်သမားများကို ထိုင်းနိုင်ငံအတွင်း ခိုးသွင်းရန် ၄င်းက လှေဖြင့် ပို့ဆောင်ပေးခဲ့ခြင်းဖြစ်ပြီး တစ်ကြိမ်လျှင် ဘတ်ငွေ ၂,၀၀၀ ရရှိမည်ဟု ဝန်ခံခဲ့သည်။
ဖမ်းဆီးခံရသူများမှာ မြန်မာ-ထိုင်းနယ်စပ်မှ သဘာဝတောလမ်းကို အသုံးပြု၍
လျှို့ဝှက်ဝင်ရောက်လာခဲ့ပြီး ထိုင်းနိုင်ငံအတွင်းပိုင်းသို့ ရောက်ပါက ပွဲစားအား ထိုင်းဘတ်ငွေ ၁၅,၀၀၀ ပေးရမည်ဟု ဖွင့်ဟခဲ့သည်။
ဖမ်းဆီးခံရသူများထဲမှ အမျိုးသားတစ်ဦးက မြန်မာနိုင်ငံတွင် စစ်မှုထမ်းရန် ဖိအားပေးခံရသည့်အတွက် ထိုင်းနိုင်ငံသို့ လာရောက်အလုပ်လုပ်ကိုင်ရန် ရည်ရွယ်ချက်ဖြင့် ထွက်ပြေးလာခဲ့ခြင်းဖြစ်ကြောင်း၊ အမျိုးသမီးများမှာလည်း စစ်ဘေးဒဏ်နှင့် စီးပွားရေး အခက်အခဲများကြောင့် ထိုင်းနိုင်ငံသို့ ဝင်ရောက်လာခဲ့ခြင်းဖြစ်ကြောင်း ဖြောင့်ချက်ပေးခဲ့သည်။
ဖမ်းဆီးခံရသူများအား ထိုင်းနိုင်ငံသို့ တရားမဝင်ဝင်ရောက်မှုနှင့် ပတ်သက်၍ “ပြည်ဝင်ခွင့်ဥပဒေ” အရ အရေးယူသွားမည်ဖြစ်ပြီး လှေမောင်းသူ “ဝင်း” အား နိုင်ငံခြားသားများအား ဥပဒေမဲ့ ဝင်ရောက်စေရန် ကူညီသည့်စွဲချက်ဖြင့် တရားစွဲဆိုသွားမည်ဟု သိရသည်။