အာဆီယံလွှတ်တော်အမတ်များ၏ လူ့အခွင့်အရေးဆိုင်ရာအဖွဲ့ (APHR) က ရုရှားနှင့် မြန်မာစစ်ကောင်စီတို့ကြား ခိုင်မာလာနေသော ဆက်ဆံရေးသည် ဒေသတွင်းတည်ငြိမ်မှုကို ခြိမ်းခြောက်နေပြီး စစ်ကောင်စီ၏ လူ့အခွင့်အရေးချိုးဖောက်မှုများကို ပိုမိုအားပေးနေကြောင်း ပြီးခဲ့သည့်ရက်ပိုင်းက မော်စကိုတွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ရုရှားသမ္မတ ဗလာဒီမာ ပူတင်တို့ တွေ့ဆုံမှုကို ကိုးကား၍ စိုးရိမ်ကြောင်း ထုတ်ဖော်ပြောဆိုလိုက်သည်။
စစ်ကောင်စီထံ ခေတ်မီစစ်လက်နက်များ ဆက်လက်ပေးပို့နေမှုသည် မြန်မာနိုင်ငံအတွင်း ပဋိပက္ခကို ပိုမိုပြင်းထန်စေသောကြောင့် APHR က ကုလသမဂ္ဂ၊ အာဆီယံနှင့် ဒီမိုကရေစီအစိုးရများအား မြန်မာစစ်ကောင်စီနှင့် ၎င်း၏နိုင်ငံခြားပံ့ပိုးသူများအပေါ် သံတမန်နှင့် စီးပွားရေးဖိအားများ တိုးမြှင့်ရန် ဆက်လက်တိုက်တွန်းသွားမည်ဖြစ်ကြောင်း မတ် ၄ ရက်နေ့က ထုတ်ပြန်ခဲ့သည်။
APHR ၏ဥက္ကဋ္ဌနှင့် အင်ဒိုနီးရှားလွှတ်တော်အမတ် Mercy Chriesty Barends က “ရုရှားနှင့် မြန်မာစစ်ကောင်စီတို့ကြား တိုးချဲ့လာသော စစ်ရေးပူးပေါင်းဆောင်ရွက်မှုများသည် ရုရှားဘက်မှ လက်နက်နှင့် စစ်နည်းပညာများ ဆက်လက်ပေးပို့နေမှုနှင့် ဆက်စပ်နေပြီး၊ ထိုလက်နက်များကို ၂၀၂၁ ဖေဖော်ဝါရီအာဏာသိမ်းမှုကတည်းက ပြည်သူများအပေါ် အကြီးအကျယ်သေကြေမှုများနှင့် မတရားဖမ်းဆီးခံရမှုများ ဖြစ်ပွားစေရန် အသုံးပြုခဲ့သည်” ဟု ပြောကြားခဲ့သည်။
ထို့အပြင် ၎င်းက “ရုရှား၏ မြန်မာစစ်ကောင်စီကို ဆက်လက်ထောက်ခံမှုသည် ဒီမိုကရေစီအခြေခံမူများကို စော်ကားခြင်းသာမက၊ စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများအတွက် တရားဝင်ထောက်ခံမှုတစ်ခုလည်း ဖြစ်သည်” ဟု ဖြည့်စွက်ပြောဆိုခဲ့သည်။
APHR ၏အဖွဲ့ဝင်နှင့် မလေးရှားလွှတ်တော်အမတ်ဟောင်း Charles Santiago ကလည်း “မြန်မာစစ်ကောင်စီသည် တရားဝင်မှုမရှိသော်လည်း ရုရှားက ၎င်းကို မဟာမိတ်အဖြစ် ဆက်ဆံနေသည်။ ဤပူးပေါင်းဆောင်ရွက်မှုသည် စစ်ကောင်စီ၏ စစ်ရေးလုပ်ငန်းဆောင်တာများကို ထောက်ပံ့ရုံသာမက၊ ဒေသတွင်းတည်ငြိမ်မှုကိုလည်း ထိခိုက်စေသည်။ ထို့ကြောင့် အာဆီယံနှင့် အပြည်ပြည်ဆိုင်ရာအသိုင်းအဝိုင်းတို့အနေဖြင့် ဤလက်နက်လွှဲပြောင်းမှုများကို ပြန်လည်သုံးသပ်ပြီး စစ်ကောင်စီကို သီးခြားခွဲထုတ်ကာ ဤသေကြေပျက်စီးမှုများတွင် ပါဝင်နေသည့် အဖွဲ့အစည်းများအပေါ် ပစ်မှတ်ထားပိတ်ဆို့မှုများ ပြဌာန်းသင့်သည်” ဟု မှတ်ချက်ပြုခဲ့သည်။
APHR က စစ်ကောင်စီအား လက်နက်ရောင်းချမှုနှင့် စစ်ရေးအကူအညီများ ချက်ချင်းရပ်တန့်ရန် တိုက်တွန်းထားပြီး၊ အာဆီယံနှင့် ၎င်း၏ပူးပေါင်းဆောင်ရွက်နေသော အဖွဲ့အစည်းများအား ဤလုပ်ငန်းစဉ်များကို နှောင့်ယှက်ကာ စစ်ကောင်စီ၏ တရားဝင်မှုကို ငြင်းပယ်ရန် တောင်းဆိုထားသည်။
ထိုင်းလွှတ်တော်အမတ်နှင့် APHR အဖွဲ့ဝင် Rangsiman Rome က “မြန်မာပြည်သူများသည် ဒီမိုကရေစီအတွက် ကြိုးပမ်းနေမှုတွင် အံ့ဩဖွယ်ကောင်းသော လုံ့လဝီရိယကို ပြသခဲ့သည်။ ၎င်းတို့သည် ကျွန်ုပ်တို့၏ ခိုင်မာသောပူးပေါင်းဆောင်ရွက်မှုနှင့် လုပ်ဆောင်ချက်များကို ထိုက်တန်ပြီး၊ ဆိတ်ဆိတ်နေခြင်း သို့မဟုတ် ပူးပေါင်းပါဝင်ခြင်းမျိုး မဟုတ်ပါ။ စစ်ကောင်စီထံ ပေးပို့သည့် လက်နက်တိုင်းသည် ဖိနှိပ်မှုအတွက် ကိရိယာတစ်ခုဖြစ်ပြီး၊ ကမ္ဘာကြီးအနေဖြင့် ၎င်း၏အထောက်အပံ့များကို ဖြတ်တောက်ရန် ဆုံးဖြတ်ချက်ချသည့် အချိန်တန်ပြီ” ဟု ပြောကြားခဲ့သည်။

