ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်မှုများ ဆက်တိုက်ဖြစ်ပွားခဲ့ပြီး အရပ်သား ၄ ဦး ဒဏ်ရာရရှိခဲ့ကြောင်း KNU ဒူးပလာယာခရိုင်က ထုတ်ပြန်သည်။ ထိုတိုက်ခိုက်မှုများကြောင့် ကျေးရွာများအတွင်းရှိ စာသင်ကျောင်းနှင့် နေအိမ်များ ပျက်စီးခဲ့သည်။
မတ်လ ၅ ရက်နေ့ နံနက် ၁ နာရီ ၃၀ ခန့်တွင် စစ်တပ်က တိုက်လေယာဉ်ဖြင့် ကော့ကရိတ်မြို့နယ်၊ အစွန်းကျေးရွာကို ဗုံးကျဲတိုက်ခိုက်ခဲ့သည်။ ထိုတိုက်ခိုက်မှုတွင် အသက် ၂၈ နှစ်နှင့် ၆၂ နှစ်အရွယ် အမျိုးသမီး ၂ ဦး ဒဏ်ရာရရှိခဲ့ပြီး ပြည်သူပိုင်နေအိမ် ၃ လုံး ပျက်စီးခဲ့သည်။
ထို့အပြင် မတ်လ ၄ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်ကလည်း စစ်တပ်က ကော့ကရိတ်မြို့နယ်၊ ဘော့ဒိုင်းကျေးရွာရှိ စာသင်ကျောင်းကို လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့သည်။ ထိုတိုက်ခိုက်မှုကြောင့် စာသင်ကျောင်း ၁ လုံး၊ ရေတွင်း၊ ရေကန်နှင့် ဆိုင်ကယ် ၁ စီး ပျက်စီးခဲ့ပြီး အသက် ၁၅ နှစ်အရွယ် လူငယ် ၁ ဦးနှင့် ၃၆ နှစ်အရွယ် အမျိုးသမီး ၁ ဦး ဒဏ်ရာရရှိခဲ့သည်။
KNU ဒူးပလာယာခရိုင်က ထုတ်ပြန်ချက်တွင် “စစ်ရေးပစ်မှတ်မဟုတ်သော ဘာသာရေးအဆောက်အဦး၊ ပြည်သူ့ဆေးရုံများ၊ စာသင်ကျောင်းများနှင့် အရပ်သားနေရာများကို ရည်ရွယ်ချက်ရှိရှိဖြင့် ပစ်ခတ်နေကြောင်း” ဖော်ပြထားပြီး အကြမ်းဖက်လုပ်ရပ်ဟု ဆိုသည်။
Photo- KNU ဒူးပလာယာခရိုင်။