စစ်ကောင်စီ (SAC) သည် မြန်မာနိုင်ငံတွင် ၁၁၀ မဂ္ဂါဝပ်စွမ်းအင်ရှိ နျူကလီးယားဓာတ်ပေါင်းဖိုကို ရုရှားနည်းပညာဖြင့် တည်ဆောက်သွားမည်ဖြစ်ပြီး ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်းကိုလည်း ရုရှားနှင့် ပူးပေါင်းအကောင်အထည်ဖော်မည်ဟု ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက မတ် ၅ ရက်က ရုရှားနိုင်ငံ၊ မော်စကိုမြို့တွင် ကျင်းပသည့် မြန်မာ-ရုရှား စီးပွားရေးဖိုရမ်အပြီး၌ ပြောကြားခဲ့သည်။
စစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် ရုရှားသို့ ချစ်ကြည်ရေးခရီးစဉ်အဖြစ် ရောက်ရှိနေစဥ် ယခုသဘောတူညီချက်များကို လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်သည်။
ဗိုလ်ချုပ်ဇော်မင်းထွန်းက “ထားဝယ်ဆိပ်ကမ်းသည် အရှေ့တောင်အာရှတွင် စီးပွားရေးအရ အချက်အချာကျမည့် စီမံကိန်းဖြစ်ပြီး၊ ရုရှား၏ ဗီယက်နမ်ဆိပ်ကမ်းများနှင့် ချိတ်ဆက်မည်ဆိုပါက ဒေသတွင်း ကုန်သွယ်ရေးလမ်းကြောင်း ပိုမိုခိုင်မာလာမည်” ဟု ရှင်းလင်းခဲ့သည်။
ထို့အပြင် နှစ်နိုင်ငံအကြား နျူကလီးယားစွမ်းအင်ငြိမ်းချမ်းစွာအသုံးပြုရေး၊ ဓာတ်ရောင်ခြည်ဘေးကင်းရှင်းရေးဆိုင်ရာ သဘောတူညီချက် (၁၀) ခုအပါအဝင် နားလည်မှုစာချွန်လွှာများ လက်မှတ်ထိုးခဲ့ကြောင်း သိရသည်။
ရုရှားသမ္မတ ဗလာဒီမာပူတင်အား စစ်ကောင်စီ ဥက္ကဋ္ဌ မြန်မာနိုင်ငံသို့ ဖိတ်ကြားမှုကိုလည်း ထည့်သွင်းပြောကြားခဲ့သည်။
မြန်မာ-ရုရှား သံတမန်ဆက်ဆံရေးသည် ၁၉၄၈ ခုနှစ်မှစတင်ကာ ယခုအခါ နှစ် ၇၇ နှစ်ပြည့်ခဲ့ပြီဖြစ်ရာ ကာကွယ်ရေး၊ စွမ်းအင်နှင့် နည်းပညာကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးတက်လာမည်ဟု မျှော်မှန်းထားသည်။

