ထိုင်းနိုင်ငံ ဗဟိုစုံစမ်းစစ်ဆေးရေးရဲတပ်ဖွဲ့ (CIB) နှင့် ဆေးဝါးကွပ်ကဲရေးအဖွဲ့ (FDA) တို့ပူးပေါင်း၍ နေရာ ၆ ခုတွင် ဝင်ရောက်စစ်ဆေးပြီး အရည်အသွေးမမီသော တရုတ်ထုတ် အလှကုန်ပစ္စည်းနှင့် အစားအစာများကို သိုလှောင်ထားသည့် ဂိုဒေါင်များကို ဖျက်သိမ်းခဲ့သည်။
မှောင်ခိုပစ္စည်း ၁၀၇ မျိုးအပါအဝင် စုစုပေါင်း ပစ္စည်း ၄ သိန်းကျော် (၄၇၆,၉၆၅ ခု) နှင့် တန်ဖိုးငွေ ဘတ်သန်း ၄၆.၂ သန်း (ကျပ် သန်းပေါင်းများစွာ) ကို သိမ်းဆည်းနိုင်ခဲ့ကြောင်း သိရသည်။
အဆိုပါဂိုဒေါင်များတွင် အွန်လိုင်းမှတစ်ဆင့် မှောင်ခိုရောင်းချနေသော တရုတ်နိုင်ငံမှ တင်သွင်းသည့် အလှကုန်နှင့် ကျန်းမာရေးအတွက် အန္တရာယ်ရှိသည့် အစားအစာများကို ဖမ်းဆီးသိမ်းယူနိုင်ခဲ့ခြင်းဖြစ်သည်။ စစ်ဆေးရာတွင် ထုတ်ကုန် ၁၀၇ မျိုးအနက် လိုင်စင်မရှိသော၊ စံချိန်စံညွှန်းမမီသော ပစ္စည်းများကို တွေ့ရှိရသည်ဟု အာဏာပိုင်များက ထုတ်ပြန်ခဲ့သည်။
ယခုလိုစစ်ဆေးနိုင်ရခြင်းမှာ အွန်လိုင်းပေါ်တွင် သံသယဖြစ်ဖွယ်ရောင်းချမှုများကို လူမှုကွန်ရက်များမှတစ်ဆင့် ခြေရာခံပြီး သတင်းအချက်အလက်များ စုစည်းခဲ့ခြင်း ဖြစ်သည်။
စီးပွားရေးဥပဒေချိုးဖောက်မှုများကို အရှိန်မြှင့်တိုက်ဖျက်လျက်ရှိသည့် ထိုင်းအစိုးရအနေဖြင့် ပြည်သူများ၏ ကျန်းမာရေးနှင့် စားသုံးသူအခွင့်အရေးကို ကာကွယ်ရန် ယခုကဲ့သို့ စစ်ဆေးမှုများ ဆက်လက်လုပ်ဆောင်သွားမည်ဟု သိရသည်။
Photo-CaoCao