မြန်မာနိုင်ငံမှ စစ်မှုထမ်းရန် ရှောင်ရှားရင်း ထိုင်းနိုင်ငံသို့ ရွှေ့ပြောင်းအလုပ်သမားအဖြစ် တရားမဝင် ဝင်ရောက်လာသည့် လူငယ်များအား ထိုင်းနိုင်ငံ၊ ကန်ချနပူရီပြည်နယ်၊ စံခလပူရီမြို့နှင့် အနီးတစ်ဝိုက်တွင် နေ့စဉ်ဖမ်းဆီးမှုများ ဆက်တိုက်ဖြစ်ပွားနေသည်။
မတ်လ ၄ ရက်နေ့တွင် တစ်နေ့အတွင်း ဖမ်းဆီးမှု ၄ ကြိမ်ပြုလုပ်ကာ မြန်မာနိုင်ငံသား ၅၅ ဦးကို ထိန်းသိမ်းခဲ့ပြီး၊ ယခုနှစ်အစောပိုင်းမှစတင်၍ ဖမ်းဆီးမှုပေါင်း ၇၁ ကြိမ်တွင် လူဦးရေ ၁,၀၀၀ ကျော်ပါဝင်ကြောင်း အာဏာပိုင်များက ထုတ်ဖော်ပြောကြားခဲ့သည်။ ဖမ်းဆီးခံရသူများသည် ထိုင်းနိုင်ငံ၌ အလုပ်လုပ်ကိုင်ရန် နယ်စပ်ကို တရားမဝင် ဖြတ်ကျော်ဝင်ရောက်လာခြင်းဖြစ်သည်ဟု သိရသည်။
ထိုင်းအာဏာပိုင်နှင့် နီးစပ်သူတစ်ဦးက “နယ်စပ်တစ်လျှောက် တပ်မတော်က ၂၄ နာရီ ကင်းလှည့်နေပြီး၊ ရေလမ်း သို့မဟုတ် ကုန်းလမ်းမှ ဝင်ရောက်လျှင်ပင် လွတ်မြောက်နိုင်မည်မဟုတ်” ဟု မီဒီယာများသို့ ပြောကြားခဲ့သည်။
မတ်လ ၄ ရက်နေ့ နံနက် ၃ နာရီတွင် စံခလပူရီဆိပ်ကမ်း၌ လှေဖြင့်ရောက်ရှိလာသူ ၁၁ ဦးအား ပထမအသုတ်အဖြစ် ဖမ်းဆီးခဲ့သည်။ ၎င်းတို့သည် ရန်ကုန်မှ မဟာချိုင်းသို့ သွားရန် ပွဲစားထံ ထိုင်းဘတ်ငွေ ၁၈,၀၀၀ ပေးခဲ့ပြီး မွန်ပြည်သစ်ပါတီ ထိန်းချုပ်သည့် ဂျပန်ရေတွင်းနယ်မြေမှ တောလမ်းခရီးဖြင့် ဝင်ရောက်လာခြင်းဖြစ်သည်။
ထိုနေ့ မွန်းလွဲ ၂ နာရီခွဲတွင် စံခလပူရီအနီး တောအုပ်တစ်ခု၌ ပုန်းအောင်းနေသည့် ဒုတိယအသုတ် လူငယ် ၃၀ ကို ဖမ်းဆီးခဲ့ပြန်သည်။ ၎င်းတို့အနက် အများစုမှာ ရန်ကုန်နှင့် နေပြည်တော်မှ လာရောက်သူများဖြစ်ကာ ပွဲစားများထံ ထိုင်းဘတ်ငွေ ၂၀,၀၀၀ အထိ ပေးခဲ့ရသည်ဟု သိရသည်။ ညနေ ၇ နာရီခွဲတွင် တတိယအသုတ်အဖြစ် စံခလယ်ယာသရက်ဥယျာဉ်အနီး၌ ပုန်းအောင်းနေသည့် မော်လမြိုင်သား ၄ ဦးကို ထပ်မံဖမ်းဆီးခဲ့သည်။
ညသန်းခေါင်အချိန်တွင် စံခလပူရီမြို့ ဝင်းကကျေးရွာ၊ မွန်သစ်သားတံတားအနီးမှ ပဲခူးမြို့သား ၁၀ ဦးအား စတုတ္ထအသုတ်အဖြစ် ဖမ်းဆီးခဲ့ပြီး၊ ၎င်းတို့သည် ပွဲစားများထံ လူတစ်ဦးလျှင် ထိုင်းဘတ်ငွေ ၁၃,၀၀၀ မှ ၁၆,၀၀၀ အထိ ပေးခဲ့ရသည်ဟု သိရသည်။ ဖမ်းဆီးစဉ်က လှေမောင်းသူတစ်ဦး ရေထဲသို့ ခုန်ချထွက်ပြေးရင်း သေနတ်နှင့်ကျည်ဆန်များ စွန့်ပစ်ထားခဲ့ကြောင်း ကန်ချနပူရီသတင်းများက ဖော်ပြခဲ့သည်။
ဖမ်းဆီးခံရသူများအား “တရားမဝင် နယ်စပ်ဖြတ်ကျော်မှု” ဖြင့် တရားစွဲဆိုပြီး စံခလပူရီရဲစခန်းတွင် ချုပ်နှောင်ထားသည်။ အမှုစီရင်ပြီးပါက မြန်မာနယ်စပ်သို့ ပြန်လည်ပို့ဆောင်မည်ဟု သိရသည်။
Photo- ကန်ချနပူရီသတင်း