ထိုင်းနိုင်ငံ၊ ကန်ချနပူရီပြည်နယ်၊ ထောင်ဖာပွန်ခရိုင်တွင် ယနေ့ နံနက် ၃ နာရီအချိန်က တရားမဝင် မြန်မာနိုင်ငံသား လူငယ် ၁၄ ဦးကို ထိုင်းလုံခြုံရေးအဖွဲ့က ဖမ်းဆီးမိခဲ့သည်။
၄င်းတို့ထွက်ဆိုချက်အရ မြန်မာနိုင်ငံတွင် စစ်မှုထမ်းခြင်းမှ ရှောင်ပြေးလာသူ အမျိုးသား ၁၂ ဦးနှင့် အမျိုးသမီး ၂ ဦးတို့ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ ဘုရားသုံးဆူဒေသမှ သဘာဝဖြတ်သန်းလမ်းကြောင်းများကို အသုံးပြုကာ ထိုင်းနိုင်ငံသို့ ဝင်ရောက်လာခဲ့ကြပြီး ထိုင်းနိုင်ငံအတွင်းရှိ လုပ်ငန်းခွင်များသို့ အလုပ်လုပ်ရန် ရည်ရွယ်ခဲ့ကြောင်း သိရသည်။
၎င်းတို့သည် မြန်မာလူမျိုး ပွဲစားအား ဝန်ဆောင်မှုခအနေဖြင့် လူတစ်ဦးလျှင် ၂၀,၀၀၀ ဘတ်ပေးချေခဲ့ရကြောင်း၊ ၄င်းတို့အား သယ်ဆောင်လာသည့် ကားအား လုံခြုံရေးအရ စစ်ဆေးရန် တားသဖြင့် ကားမောင်းသူမှာ ထိုင်းတပ်ဖွဲ့ဝင်များကို မြင်သွားပြီး ကားကို ရပ်ကာ ထွက်ပြေးသွားခဲ့ခြင်း ဖြစ်သည်။
ဖမ်းဆီးခံရသူများအား ထိုင်းနိုင်ငံ၏ လူဝင်မှုကြီးကြပ်ရေးဥပဒေအရ တရားစွဲဆိုမည်ဖြစ်ပြီး ထောင်ဖာပွန်ရဲစခန်းသို့ အပ်နှံခဲ့သည်ဟု သိရသည်။
လတ်တလောအတွင်း စစ်မှုထမ်းခြင်းမှ ရှောင်ပြေးလာသည့် မြန်မာလူငယ်အများအပြား ထိုင်းနိုင်ငံအတွင်းပိုင်းသို့ တရားမဝင် ဝင်ရောက်ရန်ကြိုးပမ်းစဥ် နေ့စဥ်လိုလို အဖမ်းခံနေရသည်မှာ ရာနှင့်ချီပြီးရှိနေကြောင်း သတင်းများက ဖော်ပြသည်။
Photo- CaoCao