ကောင်းဝါ- ၂၀၂၃ ဇူလိုင်(၁၁)
တရုတ်-အာဆီယံ ထွန်းသစ်စစက်မှု ဖိုရမ်-China-ASEAN Industrial Partnering Forum သို့ သွားရောက်တက်ခဲ့တဲ့ မြန်မာကောင်စစ်ဝန်ချုပ်က မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုတွေလာရောက်ပြုလုပ်ဖို့ ဖိတ်ခေါ်ခဲ့တယ်လို့ သိရပါတယ်။
မြန်မာနဲ့ တရုတ်နိုင်ငံတို့အကြား စီးပွားရေးပူးပေါင်းဆောင်ရွက်မှုတွေ မြှင့်တင်နိုင်ဖို့ လိုအပ်ချက်တွေကို ပံ့ပိုးကူညီပေးသွားမယ်လို့လည်း ပြောကြားခဲ့ပါတယ်။
တဖက်မှာလည်း နိုင်ငံတကာမှ လာရောက်ရင်းနှီးမြှုပ်နှံတဲ့ကုမ္ပဏီနဲ့ ပုဂ္ဂိုလ်တွေကို အနှောက်အယှက်မပေးဖို့ မြန်မာတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေဖြစ်ကြတဲ့ ကိုးကန့်၊ တအာင်း(ပလောင်)၊ ရက္ခိုင့်တပ်တော် MNDAA/TNLA/AA ညီနောင်(၃)ဖွဲ့ကနေ အကာအကွယ်ပေးသွားမယ်လို့ ဇူလိုင် (၁) ရက်နေ့က သတင်းထုတ်ပြန်ခဲ့တာပါ။
၄င်းဖိုရမ်ကို တက်ရောက်ခဲ့တဲ့ မြန်မာကောင်စစ်ဝန်ချုပ် ဦးကျော်စိုးသိန်းနဲ့အတူ မြန်မာလုပ်ငန်းရှင်အချို့လည်း လိုက်ပါကာ Precision PCB, Placement equipment, 3c special placement equipment , LED special equipment များထုတ်လုပ်တဲ့ Shenzhen Luyuan intelligent equipment Co., Ltd ကို သွားရောက်လေ့လာပြီး မြန်မာနိုင်ငံ သီလဝါအထူးစီးပွားရေးဇုန်မှာ လာရောက်ရင်းနှီးမြှုပ်နှံကြဖို့ ဖိတ်ခေါ်ခဲ့ပါတယ်။
ဒါ့အပြင် ဖိုရမ်တက်ရောက်တဲ့ ကိုးကန့်တိုင်းရင်းသားလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ၊ MATA Motor မှဒါရိုက်တာ၊ Super Seven Stars Holding Co.,Ltd မှ ဥက္ကဋ္ဌတို့ဟာ ရှန်းကျန့်မြိုမှ Shenzhen Ligoo New Energy Technologies Co.,Ltd, Shenzhen U-linking Technology Co.,Ltd, ZI Chuang Optics (Shenzhen) Energy Conservation Technology Group Co,.Ltd တာဝန်ရှိပုဂ္ဂိုလ်တွေနဲ့ တွေ့ဆုံပြီး ကုန်သွယ်မှုနဲ့ ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ဖို့ ကိစ္စရပ်တွေကိုလည်း ဆွေးနွေးခဲ့ပါတယ်။
“ပွင့်လင်းမှုနှင့် အားလုံးပါဝင်မှု၊ ပူးပေါင်းဆောင်ရွက်ခြင်း၊ မျှဝေခြင်းနဲ့ လက်တွေ့ကျသော ပူးပေါင်းမြှင့်တင်ရေး” “ထွန်းသစ်စ စက်မှုလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ခြင်း” ခေါင်းစဥ်တွေနဲ့ China-ASEAN Industrial Partnering Forum ကို တရုတ်နိုင်ငံ၊ ကွမ်တုန်းပြည်နယ်၊ ရှန်းကျင့်မြို့မှာ ဇူလိုင် ၄-၅ ရက်တွေက ကျင်းပခဲ့တယ်လို့ တရုတ်စီးပွားရေးသတင်းတွေအရ သိရပါတယ်။