ကမ္ဘောဒီးယားတွင် အွန်လိုင်းလိမ်လည်မှု(Call Center Scam) နှင့် ဆက်စပ်သူ ၁၁၉ ဦးကို ထိုင်းနိုင်ငံသို့ ယနေ့နံနက်ပိုင်းက လွှဲပြောင်းပေးခဲ့သည်။
ထိုင်းနိုင်ငံ၊ အာရန်ပရာဒက်ခရိုင်၊ ကလောင်လိပ်နယ်စပ်ဂိတ်တွင် ကမ္ဘောဒီးယားနိုင်ငံမှ ယနေ့နံနက် ၁၀ နာရီအချိန်က ပြန်လည်လွှဲပြောင်းပေးသည့် ထိုင်းနိုင်ငံသား ၁၁၉ ဦးကို ထိုင်းနိုင်ငံ၏ အမျိုးသားရဲတပ်ဖွဲ့က နယ်စပ်ဂိတ်တွင် လက်ခံပြီးနောက် နိုင်ငံခြားသားများစီမံခန့်ခွဲရေးဌာန (ထိုင်း) မှ စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ပြီးနောက် စစ်ဘက်ဆိုင်ရာ ဘတ်စ်ကား ၃ စီးဖြင့် အာရန်ပရာဒက်ခရိုင်၊ ဆူရာဆင်ဟန် စစ်စခန်းသို့ ပို့ဆောင်ခဲ့သည်။
ထိုသူများသည် ကမ္ဘောဒီးယားနိုင်ငံ၊ ပို့ပေါ်မြို့တွင် အွန်လိုင်းလိမ်လည်မှုများ (Call Center Scam) ပြုလုပ်နေသည့် အဖွဲ့အစည်းတစ်ခုနှင့် ဆက်စပ်နေသူများဖြစ်ပြီး ထိုအဖွဲ့၏ ခေါင်းဆောင်မှာ တရုတ်နိုင်ငံသားတစ်ဦးဖြစ်ကြောင်း၊ ထိုင်းနိုင်ငံသား ၁၁၉ ဦးအနက် ၇ ဦးတွင် ထိုင်းနိုင်ငံ၏ ဖမ်းဆီးစာရင်းဝင်များဖြစ်ကြောင်း သိရသည်။
ထိုင်းအမျိုးသားရဲတပ်ဖွဲ့မှ ထိုသူများကို စစ်ဆေးမေးမြန်းမှုများ ဆောင်ရွက်သွားမည်ဖြစ်ပြီး နိုင်ငံတကာ ရာဇဝတ်မှုများနှင့် သက်ဆိုင်သည့် ဥပဒေအရ အရေးယူသွားမည်ဖြစ်ကြောင်း သိရသည်။