ထိုင်းအစိုးရ၏ အွန်လိုင်းလိမ်လည်မှုနှိမ်နှင်းရေး လုပ်ငန်းစဉ်အနေဖြင့် ကျားဖြန့်ဂိုဏ်းများ အသုံးပြုသည့် ဘဏ်အကောင့် ၁.၉၂ သန်း နှင့် SIM ကဒ် ၂.၄ သန်းကို ပိတ်သိမ်းပယ်ဖျက်ခဲ့သဖြင့် ယခုအခါ နေ့စဉ်ဆုံးရှုံးမှုများ ဘတ်သန်း ၁၀၀ မှ သန်း ၅၀ အထိ လျော့ကျလာကြောင်း ဝန်ကြီးချုပ် Paetongtarn Shinawatra က ထုတ်ဖော်ပြောကြားခဲ့သည်။
ထိုင်းနိုင်ငံတွင် အွန်လိုင်းငွေကြေးလိမ်လည်မှုနှင့် တရားမဝင်လောင်းကစားလုပ်ငန်းများကို ထိထိရောက်ရောက် နှိမ်နှင်းလျက်ရှိကြောင်း ဝန်ကြီးချုပ် Paetongtarn Shinawatra က ယမန်နေ့က အောက်လွှတ်တော်တွင် ပထမဆုံးအကြိမ် ရှင်းလင်းခဲ့သည်။
ဝန်ကြီးချုပ်က ဤလုပ်ငန်းစဉ်ကို “ပြည်သူ့ဘဝအား ကာကွယ်ရေး စစ်ဆင်ရေး” အဖြစ် သတ်မှတ်ကာ၊ ထိုင်းနိုင်ငံ၏ ဒစ်ဂျစ်တယ်ဘဏ်စနစ်၊ ဆက်သွယ်ရေးကွန်ရက်များနှင့် ပူးပေါင်းပြီး လုပ်ဆောင်နေကြောင်း ရှင်းပြခဲ့သည်။
လက်ရှိတွင် စီမံချက်သည် လမ်းကြောင်းမှန်ပေါ် ရောက်နေပြီး၊ နိုင်ငံတကာမှ လာရောက်သည့် အန္တရာယ်ရှိ ငွေကြေးစီးဆင်းမှုများကို ထိန်းချုပ်နိုင်ခဲ့သည်ဟု ဆိုသည်။
ဤကြိုးပမ်းမှုသည် ထိုင်းနိုင်ငံ၏ ဒစ်ဂျစ်တယ်လုံခြုံရေးနှင့် ပြည်သူ့စီးပွားရေးတည်ငြိမ်မှုအတွက် အရေးပါသော ခြေလှမ်းတစ်ရပ်ဖြစ်ပြီး၊ နိုင်ငံတကာအသိုင်းအဝိုင်းက စောင့်ကြည့်လျက်ရှိကြောင်း၊ ပိတ်သိမ်းလိုက်သည့် ဘဏ်အကောင့်နှင့် SIM ကဒ်များသည် ကျားဖြန့်ဂိုဏ်းများ၏ ငွေလွှဲပြောင်းမှုလမ်းကြောင်းကို ဖြတ်တောက်နိုင်ခဲ့ကြောင်း၊ နိုင်ငံသားများ၏ စီးပွားရေးဘဝ ပြန်လည်ထူထောင်ရေးအတွက် အစိုးရက ပြစ်ဒဏ်ပိုမိုကြပ်မတ်သွားမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံနှင့် နယ်စပ်ဒေသ ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုတိုးမြှင့်သွားရန် စီစဉ်ထားကြောင်း သိရသည်။
ထိုင်းနိုင်ငံသည် နယ်စပ်ဒေသမှ တရားမဝင်လောင်းကစားလုပ်ငန်းများ၊ အွန်လိုင်းငွေကြေးလိမ်လည်မှုများကြောင့် ပြည်သူများ၏ဘဝများ ပျက်စီးခဲ့ရသည့် ဖိစီးမှုကို နှစ်ပေါင်းများစွာ ရင်ဆိုင်ခဲ့ရကြောင်း အထူးသဖြင့် မြန်မာနိုင်ငံနယ်စပ်မှ လှုံ့ဆော်သည့် ကျားဖြန့်လုပ်ငန်းများသည် ထိုင်းပြည်သူများအား ငွေကြေးအမြောက်အမြား ဆုံးရှုံးစေခဲ့ကြောင်း အချို့မှာ ကိုယ့်ကိုယ်ကို အဆုံးစီရင်သည်အထိ ဖြစ်စေခဲ့သည်။
