မြန်မာနိုင်ငံနှင့် ရုရှားနိုင်ငံတို့သည် စီးပွားရေးဆိုင်ရာအခြေခံအဆောက်အအုံ၊ ဘဏ်လုပ်ငန်း၊ ပညာရေး၊ ဆက်သွယ်ရေး၊ နည်းပညာနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ သဘောတူစာချုပ်စာတမ်း ၉ ခုကို ဖေဖော်ဝါရီ ၂၃ ရက်က နေပြည်တော်တွင် လက်မှတ်ရေးထိုးလဲလှယ်ခဲ့သည်။
ယင်းတွင် ထားဝယ်အထူးစီးပွားရေးဇုန်၌ ဆိပ်ကမ်းနှင့် ရေနံချက်စက်ရုံစီမံကိန်းများ ပါဝင်ကြောင်း ရုရှားစီးပွားရေးဝန်ကြီး မက်ဆင်းရယ်ရှဲသငြိကော့ဗ်၏ ပြောကြားချက်ကို အခြေခံ၍ နိုင်ငံတကာမီဒီယာများက ဖော်ပြခဲ့သည်။
အဆိုပါ သဘောတူညီချက်များကို ပဉ္စမအကြိမ်မြောက် ရုရှား-မြန်မာ အစိုးရအချင်းချင်း ကုန်သွယ်ရေးနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်ရေး ကော်မရှင်အစည်းအဝေးကို သီးသန့်ဆွေးနွေးပွဲ၊ မျက်နှာစုံညီအစည်းအဝေး၊ စာချုပ်လက်မှတ်ရေးထိုးအခမ်းအနားနှင့် စီးပွားရေးဖိုရမ်တို့ဖြင့် အပိုင်း ၄ ပိုင်း ခွဲ၍ ကျင်းပခဲ့သည်ဟု သိရသည်။
စာချုပ်လက်မှတ်ရေးထိုးပွဲတွင် ရုရှားဘက်မှ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီး မက်ဆင်းရယ်ရှဲသငြိကော့ဗ်နှင့် မြန်မာဘက်မှ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်ဆံရေးဝန်ကြီး ဒေါက်တာကံဇော်တို့ ဦးဆောင်ခဲ့သည်။
ရုရှားဝန်ကြီး မက်ဆင်းရယ်ရှဲသငြိကော့ဗ်က “ထားဝယ်ဇုန်တွင် ဆိပ်ကမ်း၊ ကျောက်မီးသွေးစွမ်းအင်စက်ရုံနှင့် ရေနံချက်စက်ရုံတည်ဆောက်ရန် ဆွေးနွေးနေပြီး ရေနံချက်စက်ရုံနှင့်ပတ်သက်၍ စီးပွားရေးအရ ဖြစ်နိုင်မှုကို လေ့လာဆဲဖြစ်သည်”ဟု ရှင်းလင်းခဲ့သည်။
ရုရှားဝန်ကြီးက “ရေနံချက်စက်ရုံသည် စီမံကိန်း၏အရှုပ်ထွေးဆုံးအပိုင်းဖြစ်ပြီး နှစ်နိုင်ငံစလုံး၏စီးပွားရေး အကျိုးအမြတ်ကို ထည့်သွင်းစဉ်းစားရန် လိုအပ်သည်”ဟု Interfax သတင်းဌာနသို့ ပြောကြားခဲ့သည်။
အဆိုပါဇုန်သည် ကပ္ပလီပင်လယ်အတွင်း ၁၉၆ စတုရန်းကီလိုမီတာကျယ်ဝန်းကာ နည်းပညာမြင့်ဇုန်၊ သယ်ယူပို့ဆောင်ရေးဗဟိုချက်၊ အိုင်တီဇုန်နှင့် ပို့ကုန်ဇုန်များ ပါဝင်မည်ဟု ဆိုသည်။
သို့သော် မြန်မာဘက်မှ ထုတ်ပြန်ချက်တွင် ထားဝယ်ဇုန်နှင့်ပတ်သက်သည့် သတင်းကို တိုက်ရိုက်ဖော်ပြထားခြင်းမရှိဘဲ နှစ်နိုင်ငံအကြား စီးပွားရေးအခြေခံအဆောက်အအုံနှင့် လူမှုရေးပူးပေါင်းမှုများကို အလေးထားဆောင်ရွက်မည်ဟုသာ သတင်းဖော်ပြခဲ့သည်။